မင်းဇော်မင်း
.
COVID-19 ကပ်ရောဂါ ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့
တင်ပို့နေသည့် စိုက်ပျိုးရေးကုန်စိမ်းသီးနှံ များအနက် ဖရဲ၊ သခွားကဲ့သို့သော ပုပ်သိုးလွယ်
သီးနှံများကို ဖုန်းဖြင့်သာ ဆက်သွယ်ရောင်းချရသည်ဖြစ်ရာ ခက်ခဲမှုများကြောင့် သစ်သီးပွဲရုံများမှ
ကိုယ်စားလျယ်များ တရုတ်ဘက်တွင် ယာယီအခြေချ လုပ်ကိုင်ခွင့် ရရှိရန်အတွက် ယူနန်ပြည်နယ်အစိုးရနှင့်
ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံသို့
စာဖြင့် တင်ပြတောင်းဆိုထားသည်ဟု သိရသည်။
.
![]() |
ဓါတ်ပုံ - ခွာညိုသစ်သီးပွဲရုံ |
.
“အခုက သစ်သီးကား အဝင်နည်းပေမဲ့ မကြာခင်ဆိုရင် သစ်သီးထွက်ချိန် ရောက်လို့
များလာတော့မယ်။ အခုလိုမျိုး ဖုန်းနဲ့ ဆက်သွယ်လုပ်ရတော့ ထိုက်တန်တဲ့ဈေး မရဘဲ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ
ပိုမိုတွေ့ကြုံလာနိုင်ပါတယ်။ ဒီဘက် ၁၀၅ မိုင်အခြေစိုက် ပွဲရုံကိုယ်စားလှယ် ၂ ဦးကနေ
၅ ဦးအထိ ယာယီအခြေချ လုပ်ကိုင်ခွင့်ပေးဖို့ အစိုးရချင်း ညှိနှိုင်း ဖြေရှင်းပေးဖို့နဲ့
လမ်းပိုင်းမှာ ကြန့်ကြာလို့ ပျက်စီးမှုတွေ မကြုံရအောင် အမြန်စစ်ဆေးဆောင်ရွက်ပေးဖို့
လုပ်ငန်းရှင် တွေ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တင်ပြထားတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရကို
ဒီနေ့ (အောက်တိုဘာ ၁၃ ရက်) ပဲ စာတိုက်ကနေ ပို့လိုက်ပါတယ်” ဟု မူဆယ်အခြေစိုက် သစ်သီးဝလံကုန်စည်ဒိုင်အသင်း
ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တင်ပြစာတွင် ဖရဲ၊ သခွားရာသီချိန်ရောက်တော့မည်ဖြစ်သဖြင့်
ကုန်တင်ပို့မှုများပြားလာမည်ဖြစ်ရာ ဖုန်းဖြင့် ဆက်သွယ်ရောင်းချ နေရသည်ထက် တရုတ်နိုင်ငံ၊
ဝမ်တိန်သစ်သီးချကွင်းတွင် ၁၀၅ မိုင် အခြေစိုက် သစ်သီးပွဲရုံများ၏ ကိုယ်စားလှယ် ၂ ဦးမှ
၅ ဦးအထိ ယာယီအခြေချ ဆောင်ရွက်ခွင့်ရရန်နှင့် လိုအပ်သည့် နှစ်နိုင်ငံ COVID-19 ရောဂါ
ပိုးစစ်ဆေးမှုနှင့် အခြားကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း အပြည့်အဝလိုက်နာ
ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
.
ထို့အပြင် သစ်သီးဝလံကုန်တင်ကားများ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာရာ၌
သတ်မှတ်သည့် (SOP) အရ ဆောင်ရွက်နေသော ကျန်းမာရေးစစ်ဆေးသည့် လမ်းပိုင်းစစ်ဆေးမှုများတွင်
ပုပ်သိုးလွယ် သစ်သီးတင်ကုန်တင်ယာဉ် များအား ဦးစားပေး၍ အမြန်စစ်ဆေးပေးနိုင်ရေး တင်ပြအကူအညီတောင်းခံကြောင်း
ဖော်ပြပါရှိသည်။
.
အဆိုပါတင်ပြစာကို စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးဌာန၊ မြန်မာနိုင်ငံသစ်သီးဝလံ၊
ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ညွန်ကြားရေးမှူး၊
မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းများသို့လည်း မိတ္တူပေးပို့
တင်ပြထားကြောင်း သိရသည်။
.
မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ ဘဏ္ဍာနှစ်အလိုက် ရောင်းချရသည့် သစ်သီးတန်ချိန်နှင့်
ကားစီးရေများမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂ဝ အထိ ဖရဲ တန်ချိန် ၂၅၃၇၈၅၃ ဒသမ ၅ တန်၊ ကားစီးရေ
၁၇၅၅၃၂ စီး၊ သခွားမွှေး ၅၃၂၉၁၂ ဒသမ ၅ တန်၊ ကားစီးရေ ၆၆၅၄၂ စီး၊ ဆီးသီး (ဇီးသီး) ၃၄၅၇
ဒသမ ၅ တန်၊ ကားစီးရေ ၇၆၅ စီး၊ စပျစ် ၂၉ တန်၊ ကားစီးရေ ၁၄ စီး၊ ဖရုံသီး ၁၀၀၈၃ ဒသမ ၅
တန်၊ ကားစီးရေ ၅၄၅ စီး၊ သရက်သီး ၁၃၆၆၃၁ တန်၊ ကားစီးရေ ၂၃၄၆၀ စီး၊ နာနတ်သီး ၄၀၈၅ ဒသမ၅
တန်၊ ကားစီးရေ ၂၉၄ စီးနှင့် ကန်စွန်းဥ ၄၉၅ တန်၊ ကားစီးရေ ၃၄ စီးတို့ဖြစ်ကြကြောင်း သိရသည်။
.
No comments:
Post a Comment