ရှမ်းပြည်နယ်အတွင်း၌ အသေးစားချေးငွေ အရင်း/အတိုး ကောက်ခံခြင်းမပြုရန် အစိုးရ ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း၌ အသေးစားချေးငွေ အရင်း/အတိုး ကောက်ခံခြင်းမပြုရန် အစိုးရ ညွှန်ကြား

စုလှိုင်

.

ရှမ်းပြည်နယ်အတွင်း အသေးစားငွေရေး ကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ လုပ်ကိုင်ခွင့် လိုင်စင် ရယူပြီး အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် အရင်း/အတိုး ကောက်ခံခြင်း မပြုရန် ရှမ်းပြည်နယ်အစိုးရက အောက်တိုဘာလ ၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

.

COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ဝင်ငွေနည်း ပြည်သူများ ငွေရေးကြေးရေး အခက်အခဲ ဖြစ်ပေါ်နေခြင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း သဘာဝအရ အဖွဲ့အစည်း အသီးသီးမှ ချေးငွေအရာရှိ (ဝန်ထမ်း)များ ရပ်ကွက်၊ ကျေးရွာများအတွင်း ကူးလူးသွားလာ၍ ပြည်သူများနှင့် ထိတွေ့ဆက်ဆံကာ ဆောင်ရွက်သည့်အတွက် COVID-19 ကူးစက်ရောဂါ ပိုမိုပျံ့နှံ့မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အခြား မလိုလားအပ်သော ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ချေးငွေ အရင်း/အတိုး လိုက်လံတောင်းခံခြင်း၊ ငွေစုဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ယာယီ ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၆ ရက်တွင် ညွှန်ကြားခဲ့ပြီးနောက် ယခုတွင် ထပ်မံ ထုတ်ပြန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

.


 

“ ချေးငွေ ကောက်ခံမှုအပေါ် ယာယီရပ်ဆိုင်းထားရန်က အရင်းရော၊ အတိုးရော သူ့ဆန္ဒ မရှိဘူးဆိုရင်၊ ပေးဆပ်ဖို့  အခက်အခဲ ရှိရင် အရင်းရော အတိုးရော ခွဲပြီး ကောက်တာကို ယာယီ ရပ်ဆိုင်းတယ်။ ဒါပေမဲ့ အသင်းသားက ဆန္ဒရှိရင် ကောက်ရတယ်။ ကောက်တဲ့အခါ နယ်မြေဒေသ လုံခြုံရေး အရ သွားလို့ ရရင် သွားရတယ်။ ဒီမှာ ကန့်သတ်တာတွေ မရှိဘူး။ နယ်မြေဒေသ လုံခြုံရေးရယ်၊ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန်ချက်တွေ နဲ့ အညီ လုပ်၊ ဒေသ အာဏာပိုင်တွေက ဝင်ဆိုတဲ့နေရာ ဆိုရင် ဝင်လို့ရမယ်။ ဝင်လို့ မရဘူးဆိုရင် မဝင်နဲ့ပေါ့။”ဟု ရှမ်းပြည်နယ်  ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး(ယာယီပူးတွဲ) ဒေါ်ငုငုဝါက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်အောက်ရှိ အသေးစား ငွေရေး ကြေးရေး အဖွဲ့အစည်း အားလုံးသည် ယခု ညွန်ကြားချက်နှင့် အကျုံးဝင်ပြီး ချေးငွေ ရယူထားသည့် ပြည်သူအားလုံးအတွက် ချေးငွေ ပြန်လည်ကောက်ခံခြင်းကို ယာယီ ရပ်ဆိုင်းထားကြောင်းကိုလည်း ဒေါ်ငုငုဝါမှ ဆက်လက် ပြောဆိုခဲ့သည်။

.

အဆိုပါ ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားစာတွင် COVID- 19 ဒုတိယလှိုင်း ဖြစ်ပေါ်နေသည့် အကျိုးဆက်ကြောင့် အသင်းဝင်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများ ကျဆင်းနေခြင်းကြောင့် လက်ရှိ ကာလအတွင်း အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် ချေးငွေများ ပြန်လည် ကောက်ခံမှုအပေါ် ယာယီရပ်ဆိုင်းထားရန်နှင့် ချေးငွေ အရင်းနှင့် အတိုးများ ကောက်ခံရာတွင် အသင်းသားများ၏ ဆန္ဒအရ ပေးသွင်းမှုများ အပေါ်သာ ဆောင်ရွက်သွားရန်ဟု ဖော်ပြ ပါရှိသည်။

.

COVID - 19 ရောဂါ တာဆီးကာကွယ် ထိန်းချူပ်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်နှင့် နောက်ထပ် အမိန့် တစ်စုံတရာ မထုတ်ပြန်မီ ကာလအထိ ယခု ညွှန်ကြားချက်မှာ အတည် ဖြစ်ကြောင်းကိုလည်း ပြည်နယ်အစိုးရ၏ ညွန်ကြားစာအရ သိရသည်။

Journal Download

Photo of three cats