သမိုင်း အစဉ်အလာများနဲ့ မိုးနဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 18, 2020

သမိုင်း အစဉ်အလာများနဲ့ မိုးနဲ

မျိုးညွန့်ရွှေ(မိုးနဲ)

.

သမိုင်းအစဉ်အလာ ကြီးမားတဲ့ မိုးနဲမြို့နယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်မိုးနဲမြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေးခရိုင် အတွင်းမှာ ရှိတဲ့ တောင်ကုန်းတောင်တန်းများ‌ နောက်ခံကာ လှပစွာ တည်ရှိပြီး ရှေးဟောင်း ယဉ်ကျေးမှု အထောက်အထား များစွာ ရှိနေတဲ့ ရှမ်းပြည်ရဲ့ ပုဂံလို့လည်း တင်စား ခေါ်ဝေါ်ခဲ့တဲ့ မြို့လေး တစ်မြို့ ဖြစ်ပါတယ်။

.


မိုးနဲမြို့ကို ဘီစီ ၅၀၀ ဝန်းကျင်က ပထမမိုးနဲ၊ ဒုတိယမိုးနဲ၊ တတိယမိုးနဲဟူ၍ နေရာ အသီးသီးပြောင်းလဲ တည်ထောင်လာခဲ့ခြင်း ဖြစ်ပြီး စတုရမ်ဖမင်း၏ ကြင်ယာတော် ၁၂ ပါးထဲက အထွေးဆုံးမင်းသမီး၏ မြေးတော် သီရိဒိတ္ထိဓမ္မဒေဝကုမာရရာဇာ၏ အဖွားဖြစ်သူက မြို့ခေါင်းရင်း တောင်တန်း၊ မြို့ခြေရင်းရေးရှိသော အရပ်တွင်မြို့သစ် တည်ထောင်ပေးခဲ့ခြင်းကြောင့် အဖွားကို မှတ်မှတ်ရရ ရှိနေစေရေးအတွက် ရှမ်းဘာသာဖြင့် (မိန်းနိုင်း) အဖွားမြို့ဟု ခေါ်တွင်လာခဲ့ပြီး ခေတ်ကာလရွေ့လျားလာကာ မြန်မာဘာသာဖြင့် မိုးနဲမြို့ဟု ခေါ်တွင်လာရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

.

မိုးနဲမြို့နယ်ရဲ့ အရှေ့ဘက်တွင် မိုင်းပျဉ်းမြို့၊ တောင်ဘက်တွင် လင်းခေးမြို့နယ်၊ အနောက်ဘက်တွင် မောက်မယ်မြို့နယ်၊ မြောက်ဘက်တွင် နမ့်စန်မြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိကာ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၁၇၉ ပေ ရှိပြီး အရှေ့မှ အနောက်ကို ၅၈ မိုင်၊ တောင်မှ မြောက်ဘက်ကို ၂၂ မိုင် ရှည်လျားပါတယ်။ တောင်ကုန်းတောင်တန်းများ ဝန်းရံထားတဲ့ တောင်ပေါ် ဆင်ချေလျှော ဒေသလေး ဖြစ်ပါတယ်။ မျှတတဲ့ ရာသီဥတု ရှိတဲ့ မြို့လေးတစ်မြို့ဟု ဆိုရာမှာ ဖြစ်ပါတယ်။

.

 

မိုးနဲမြို့မှာ နာဟောင်ရပ်ကွက်၊ ဥယျာဉ်ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေ ရပ်ကွက်ဆိုပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ကျေးရွာအုပ်စု ၁၄ အုပ်စု ရှိပါတယ်။ မြို့နယ်အတွင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကိုးကန့်၊ ပလောင်၊ ကယန်း၊ လားဟူ၊ မြောင်ဇီး စတဲ့ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံး နေထိုင်တဲ့ မြို့လေးပဲ ဖြစ်ပါတယ်။ လူဦးရေ စုစုပေါင်း ၃၃၆၆၀ ဦးရှိပြီး အိမ်ခြေအနေနဲ့ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၇၄ ရွာမှာ ၅၇၄၉ အိမ်ခြေအိမ်ထောင်စု ပေါင်း ၅၈၆၃ စု ရှိပါတယ်။

.

မိုးနဲမြို့နယ်အတွင်း နေထိုင်ကြသူ အများစုဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး စပါး၊ အစေ့ ထုတ်ပြောင်း၊ မြေပဲ၊ ပဲပုပ်၊ ပန်းနှမ်း၊ ကြက်သွန်ဖြူစတဲ့ ဈေးကွက်ဝင် သီးနှံပင်များကို စိုက်ပျိုးကြပါတယ်။ မိုးနဲမြို့နယ်ကို လာရောက် လည်ပတ်ကြသူများအနေနဲ့ အဓိက သွားရောက် လည်ပတ်တဲ့ နေရာတွေကတော့ ရှေးဟောင်းအငွ့အသက်များနဲ့ မွေတော်စေတီစု၊ မိုးနဲမြို့သမိုင်းနဲ့ ဆက်စပ်နေတဲ့ ဒဏ္ဍာရီထဲက ဒေဝီ ၁၂ ပါးဂူ၊ နှစ်ပေါင်းရာ‌ကျော် ရှိပြီး ရွှေဆိုင်းများနဲ့ မြတ်စွာဘုရားဖြစ်စဉ်ကို သရုပ်ဖော်ထားတဲ့ (ရွှေဇဝါရွှေရေး ပန်းချီ) လက်ရာများနဲ့ လွိုင်လင်းဘုန်းတော်ကြီးကျောင်း၊ မြို့အလှကို အပေါ်စီးက ရှုမြင်ခံစားနိုင်တဲ့ ဆင်တောင်ဘုရား၊ မြို့ရဲ့အထင်ကရ ဟော်နန်း၊ နွားကြေးရုပ်၊ မိုင်းပူးရုပ်ပွား‌တော်ဘုရားနှင့် မာလိန်တိုင်၊ ကြာဖူး၊ ကြာစွယ်၊ ကြားပန်းများနဲ့ လှပနေတဲ့ နောင်ကျော့အင်းနှင့် လွယ်စယ်အင်း၊ ဝမ်‌ယေးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေမှာ ရှိတဲ့ စက်တော်ရေထွက် စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အခြား လေ့လာစရာများ အနေနဲ့ မိရိုးဖလာ လုပ်ကိုင်လျက်ရှိသော လက်မှုအနုပညာများ ဖြစ်တဲ့ ယွန်းထည်လုပ်ငန်း၊ ဝါးခမောက်လုပ်ငန်း များလည်း ရှိပါတယ်။

.


မိုးနဲမြို့ကို လာရောက် လည်ပတ်မယ်ဆိုရင်တော့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်ပြည်ထောင်စုလမ်း၊ လွိုင်‌ကော်-ဆီဆိုင်-ဆိုက်‌ ခေါင် -မိုးနဲလမ်း နဲ့ ကျိုင်းတောင်း-မိုးနဲလမ်း အတိုင်းလာ ရောက်နိုင်ပြီး ထင်ရှားတဲ့ တောင်တန်းတွေကတော့ မိုးနဲမြို့ရဲ့ အရှေ့ဘက်မှာ လွိုင်မျဲတမ့်တောင်၊ လွိုင်နန်းတောင်၊ အနောက်ဘက်မှာ ဆင်တောင်၊ လူရုပ်တောင်၊ တံခွန်တောင်၊ စိန်တောင်၊ မြတောင်၊ ပတ္တမြားတောင်များ ရှိပြီး မိုးနဲမြို့ကို စိတ်ဝင်စားတယ်ဆိုရင် ဦးကုလား ရေးသားတဲ့ မဟာရာဇဝင်ကြီး (ဒုတိယအုပ်)၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို ရေးသားတဲ့ မဟာရာဇဝင်သစ် (တောင်ငူခေတ်) ဒုတိယတွဲ စာအုပ် ၊မြန်မာ့စွယ်စုံကျမ်း အတွဲ ၉ (အပိုင်း က) စာအုပ်၊ မှန်နန်းရာဇဝင်တော်ကြီး ဒုတိယတွဲ စာအုပ် ၊ GAZETTEER of UPPER BURMA and the SHAN STATE ,PART - 1,VOI-1၊‌ Imperial Gazetteer of India စာမျက်နှာ (၄၀၅) ၊ ကျော်အောင် (ဘာသာပြန်) ရေးသားတဲ့ နေဝင်ဘုရင်များ၊ ဦးအုန်းဖေ (ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ဟောင်း) ရေးသားတဲ့ ပင်လုံစစ်တမ်းစာအုပ်၊ ဦးစိုင်းလှအေး (သ/မဦးစီးဌာန၊ ဦးစီးအရာရှိ ငြိမ်း)မိုးနဲ ရေးသား ပြုစုထားတဲ့ မိုးနဲမြို့သမိုင်း စသည့်စာအုပ်များတွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း ရေးသား တင်ဆက်လိုက်ရပါတယ်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About