ရွေးကောက်ပွဲ၊ ဘက်လိုက်မှုနှင့် မီဒီယာ ဗဟုဝါဒ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွေးကောက်ပွဲ၊ ဘက်လိုက်မှုနှင့် မီဒီယာ ဗဟုဝါဒ

မင်းဇော်မင်း

.

လက်ရှိ ကာလတွင် ထူးခြားချက်များ အများအပြား ရှိသည်ကို တွေ့ရသည်ပြည်တွင်းသာမက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို ဝေဖန်ထောက်ပြသည့် လူထုက ဝန်ကြီးချုပ် အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ပေးနိုင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ အောက်တိုဘာ ၂၁ ရက်ညနေပိုင်းတွင် ထိုင်းဝန်ကြီးချုပ်က မီဒီယာလိုင်း အားလုံးတွင် လွှတ်တော် ခေါ်ယူမည့် ရွှေရင်အေးတရား ထုတ်လွှင့်ခြင်းဖြင့် ချွေးသိပ်ကာ မီဒီယာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

.

ရှေ့ပိုင်း လိုင်းများ ထုတ်လွှင့်နေစဉ် အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မီဒီယာများသည် လူထုဘက်ကို လိုက်ပြီး ထုတ်လွှင့်ပေးနေသည်ဟု စွပ်စွဲမှု တစ်ရပ်တွေ့ခဲ့ရသည်အတွက် မီဒီယာဆိုသည် အစိုးရနှင့် လူထုတွင် လူထုဘက်မှ လိုက်သည်မဟုတ်ဘဲ သတင်းထုတ်လွှင့်ပြသရာတွင် လူထုမှာ တားဆီးကန့်သတ်မှု ပြုသည့်သူ မရှိသည့် Open source ဖြစ်ခြင်းကို နားလည်မှု ရှိရန် လိုအပ်နေသည်ကို တွေ့ရသည်။

.

ဌာနဆိုင်ရာ ကန့်သတ်ချက်များက Limited source ဖြစ်နေသဖြင့် မီဒီယာများအနေဖြင့် သတင်းတစ်ပုဒ်၏ အရည်အသွေးဖြစ်သည့် မှန်ကန်မှု၊ တိကျမှု၊ ပြည့်စုံမှုများဖြင့် လူထု၏ သတင်းထုတ်လုပ်ခြင်းကို လူထုဘက် လိုက်အသားပေးထုတ်လွှင့်ခြင်းဟု အုပ်ချုပ်ရေးဘက်က စွပ်စွဲမှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

.

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလတွင် ရွေးကောက်ပွဲ သတင်းများကို အရှိန်အဟုန်ဖြင့် သတင်းမီဒီယာများက ဖော်ပြနေလျက် ရှိရာ လူမျိုးစွဲ၊ ပါတီစွဲ၊ ဒေသစွဲ ကင်းကင်းဖြင့် အရင်းအတိုင်း (အရှိအတိုင်း) ဝေဖန်ဆန်းစစ်သည့် ရှုထောင့်၊ အပြုသဘောအမြင် စသည်တို့ကို ရာခိုင်နှုန်းဖြင့် ဖော်ပြသော သုတေသနပြုစုသည့် အဖွဲ့၏ ဝေဖန်ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖော်ပြရေးသားလာသည်ကို တွေ့ရသည်။

.

မီဒီယာ တစ်ခုနှင့် တစ်ခု ဖော်ပြပုံ မတူသည်က သတင်းရှုထောင့် အယူအဆ၊ သတင်းခန်း တည်းဖြတ်မှုများကြောင့်ဟု ကောက်ချက်ချနိုင်ပါသည်။ သတင်းခန်းတွင် သတင်းအယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ်တို့ ပါရှိရာ ဘက်လိုက်မှု ရှိသည့် အနေအထားတစ်ခုတွင် သတင်း တည်းဖြတ်ရင်း အကြိုက်ကို လိုက်၍ ဖော်ပြမှုများ၊ လော်ဘီ လုပ်မှုများ ပေါ်ထွက်လာသည်တို့ ရှိလာသည်ကို တွေ့ရှိရခြင်းကြောင့် ဤကောက်ချက်ကို ချရခြင်း ဖြစ်သည်။

.

ရွေးကောက်ပွဲနှင့် ပတ်သက်၍ မျှတမှု ရှိသည့် ဘက်မလိုက် သတင်းများကို ရာခိုင်နှုန်းမည်မျှ ဖော်ပြမည်ကို သတင်းခန်းက ယေဘုယျ သတ်မှတ်ထားသည်ဟု ယူဆလျှင် ကျင့်ဝတ်ဆိုင်ရာ အခြေခံဖြစ်သည့် မျှတစွာ ဖော်ပြမှုကို လုပ်ဆောင်မည်ဟု ထင်မှတ်နိုင်သော်လည်း ဖြစ်စဉ်နောက် လိုက်ဖော်ပြမှု၊ လူသိများ၊ လူပြောများ၊ လူအများကြိုက် သတင်းများ နောက်လိုက်ကာ ဖော်ပြမှုများက သတ်မှတ်သည့် ဘက်မလိုက်မှု အချိုးအစား မျှတမှု ကျိုးပျက်လာခြင်းဟု ဆိုနိုင်သည်။

.

ယင်းအတွက် မြန်မာနိုင်ငံသတင်းမီဒိယာကောင်စီမှ ဦးမြင့်ကျော်က မျှတမှုစည်းမှ ဘက်လိုက် ယိမ်းကြရာတွင် သတိ လက်လွတ် ဖြစ်မှုသာမက နောက်ကွယ်အကြောင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

.

တာဝန်ခံမှု ရှိသည့် သတင်းဌာန များပြားစုံလင်မှုက မီဒီယာဗဟုဝါဒ ထွန်းကားရေးအတွက်အရေးကြီးသည် ဖြစ်ရာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ သာမက ဌာနဆိုင်ရာ ၊ အစိုးရတို့က ချုပ်ကိုင်၍ လူအများကို ၎င်းတို့ ပြောချင်တာကိုသာ မြင်စေချင် ကြားစေချင်မှုက ဒီမိုကရေစီကို တိုင်းတာသည့် သတင်းလွတ်လပ်ခွင့်ကို တိုင်းတာသည့် မီဒီယာပေတံများ အချက်အလက်ဖော်ပြမှု ဘက်လိုက်မှုများ ဖြစ်ပေါ်စေသည်ဟု ဆိုလိုရင်း ဖြစ်သည်။

.

လက်ရှိတွင် မြို့နယ်အလိုက် ကော်မရှင်အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာများသည် သတင်းမေးရာတွင် အကန့်အသတ် ဖြစ်ပေါ်နေသည် သာမက မီဒီယာကို ဖြေကြားလိုမှု မရှိခြင်းက မြန်မာ့ဒီမိုကရေစီ၏ ရေချိန်ကို ဖော်ပြနေသည် ဖြစ်ရာ သတင်းသမားများက မီဒီယာ(law)အရ လူထုအတွက် အကျိုး ဖြစ်ထွန်းပြီး အများသိရန် လိုအပ်သည့် သတင်းများကို မေးမြန်းရာတွင် သတင်းမှန်များကို အလေးထား ဖြေကြားကြမည့် အစိုးရ၊ လွှတ်တော်အမတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကိုသာ အလိုရှိကြောင်း ပြောလိုရင်းပါ။

.

နိုင်ငံတစ်ခု အနေဖြင့် သဘာဝ အရင်းအမြစ်များ၊ လူ့အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည် သာမက ယင်းလူ့အဖွဲ့အစည်းဝင် လူသားများ၏ မျှော်လင့်ချက် အိပ်မက်များဖြင့် အကောင်အထည် ဖော်ဆောင်နေသည်ဟု ယူဆလျှင် မြန်မာနိုင်ငံရှိ လူသားအားလုံး၏ မျှော်လင့်ခြင်းအိပ်မက်သည် ဒီမိုကရေစီ စံနှုန်းများဖြင့် တည်ဆောက်ထားသည့် အကြောက်တရားမဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကြောင်းပါ။

Journal Download

Photo of three cats