နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်နေသော်လည်း လိုက်နာမှု အားနည်းနေသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်နေသော်လည်း လိုက်နာမှု အားနည်းနေသေး

စိုင်းမျိုးမြတ်

.

မြို့တော်တောင်ကြီးတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ရိုက် အရေးယူမှုများ ပြုလုပ်နေ သော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.


.

“Mask မတပ်ရင် ဒဏ်ငွေ ၂၀၀ ဆိုပေမဲ့ မတပ်တဲ့သူတွေကတော့ မတပ်ကြဘူး။ ဈေးထဲမှာဆိုရင်လည်း လူစုလူဝေး တွေနဲ့ တချို့တွေ မတပ်ကြဘူး။ မေးချိတ်တဲ့သူကလည်း ချိတ်တယ်။ ထိထိရောက်ရောက် အရေးယူဖို့ လိုနေတယ်။ အခုဆိုရင် ပိုးတွေ့လူနာတွေကလည်း တစ်ရက်ထက်တစ်ရက် များလာနေတုန်းပဲ။ ရှမ်းတောင်ထဲမှာလည်း တွေ့လာ နေရတယ်။ အပြင်သွားတိုင်း Mask ကို မဖြစ်မနေ တပ်ဖို့ လိုပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ဦးဆောင်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ်တွင် Mask မတပ်ဆင်သူများကို ငွေကျပ် ၂၀၀ စီ ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ အောက်တိုဘာလ ၈ ရက်၊ ညနေပိုင်းအထိ ၂ ရက်အတွင်း စည်းကမ်းမလိုက်နာသူ စုစုပေါင်း ၄၇၉ ဦးအား အရေးယူ နိုင်ခဲ့ပြီး ဒဏ်ကြေးငွေ ၉၅၈၀၀ ကျပ် ကောက်ခံရရှိခဲ့သည်ဟု သိရသည်။

.

“ကျွန်မတို့က ကြောက်တယ်။ ကြောက်တော့ Mask တပ်ထားရတာပေါ့။ ဒဏ်ကြေးငွေ နည်းတာ၊ များတာထက် ကိုယ့် ကျန်းမာရေးကိုယ် ဂရုစိုက်ရတာပါ။ အခုဈေးထဲမှာ Mask မတပ်တဲ့သူတွေရော၊ မေးချိတ်ထားတဲ့ သူတွေရော အများကြီးပဲ” ဟု ဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ Mask တပ်ဆင်၍ ဈေးရောင်းချသူ အနည်းငယ်ခန့် ရှိနေသော်လည်း အများစုမှာ Mask တပ်ဆင်ခြင်းမရှိသည့်အပြင် Mask တပ်ဆင်ရာတွင် စနစ်တကျ မသုံးစွဲခြင်း၊ စနစ်တကျ မစွန့်ပစ်ခြင်း၊ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကို တွေ့နေရကြောင်း ဒေသခံများထံက သိရသည်။

.

တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကမူ မြို့နယ်အတွင်း Mask အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ လူထု ၉၅ ရာခိုင်နှုန်းခန့် လိုက်ပါဆောင်ရွက်လာပြီဖြစ်ကြောင်း ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။

.

ယမန်နေ့ အောက်တိုဘာလ ၈ ရက်၊ ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၂၂၄၄၅ ဦး ရှိ လာပြီဖြစ်ပြီး ယင်းတို့အနက် ၅၃၅ ဦး သေဆုံး၍ ၆၃၆၆ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About