အောင်ဆန်း
.
မြို့တော်တောင်ကြီးတွင်
ယနေ့ အောက်တိုဘာလ ၇ ရက်မှ စတင်၍ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို ဒဏ်ငွေကျပ် ၂၀၀ စီ ပေးဆောင်စေ၍ COVID-19
ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အသိပညာပေးမှုကို
စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
“အဓိက ကတော့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ Mask တပ်ရမယ် ဆိုတဲ့ ကိစ္စကို ဆောင်ရွက်တာပါ။ COVID-19 ရောဂါ
ကာကွယ်ထိန်းချုပ်ရေး အပိုင်းမှာ Mask က အဓိကနေရာမှာ ပါဝင်တာပေါ့။
ပညာပေးလုပ်ဆောင်ခဲ့တာလည်း တစ်လကျော်လောက် ရှိပြီ။ ဒီနေ့မှာ ပညာပေးတာအပြင် ဒဏ်ရိုက်တာ
၂ ခုပေါင်းပြီး ဒီနေ့က စဆောင်ရွက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့
လမ်းညွှန်ချက်လည်း ပါပါတယ်” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကောက်ခံရရှိသည့်
ဒဏ်ကြေးငွေများကို မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်သည့် N-95
Mask ကဲ့သို့သော အထောက်အကူပြုပစ္စည်းများ ဝယ်ယူရေး၊ Quarantine
Center များတွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ စက်သုံးဆီမှအစ
လိုအပ်သည်များ ဝယ်ယူနိုင်ရေးတို့တွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး ကောက်ခံရငွေများကို
မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး
၃ ဦး အမည်ဖြင့် ကမ္ဘောဇဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင်
ယင်းကဲ့သို့ Mask အသိပညာပေးမှုများ
ဆောင်ရွက်ခဲ့ရာ၌ လူထု ၉၅ ရာခိုင်နှုန်းခန့် လိုက်ပါ ဆောင်ရွက်လာပြီဖြစ်ပြီး ကျန် ၅
ရာခိုင်နှုန်းသော လူထုများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ဒဏ်ကြေးငွေ ကောက်ခံခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“Mask မတပ်ရင် ဒဏ်ငွေ ၂၀၀ ဆိုတော့ ဒီနေ့ခေတ်
အနေအထားအရ ရယ်စရာတော့ ကောင်းနေတာပေါ့။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်သူလူထုတွေအတွက်
အတတ်နိုင်ဆုံး ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ပြောတယ်လို့ ယူဆ ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့
ဒဏ်ကြေးဖြစ်စေ အရေးယူမှု မလုပ်နိုင်ရင်တော့ မလိုက်နာတဲ့သူတွေက ဒီလိုပဲ ဆက်ပြီး မလိုက်နာ
ဖြစ်နေကြမှာပဲ” ဟု တောင်ကြီးဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ဈေးနှင့် လူစုလူဝေးနေရာများသို့
သွားရောက်ပါက ဒဏ်ငွေ ကျပ် ၂၀၀ ပေးဆောင် ရမည်ဖြစ်ပြီး ယင်းဒဏ်ငွေ ကျပ် ၂၀၀ အနက် ၅၀ ကျပ်မှာ
Mask ဝယ်ယူရန်ဖြစ်ကာ ကျန် ၁၅၀ မှာ ဒဏ်ကြေးအဖြစ် ကောက်ခံခြင်းဖြစ်ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၅ ရက်တွင် COVID-19 ရောဂါ အခြေအနေနှင့် ပတ်သက်သည့် ပြည်သူသို့ အသိပေးရှင်းလင်းချက် မိန့်ခွန်းတွင်
ထည့်သွင်း ပြောဆို ထားသည်။
.
No comments:
Post a Comment