ဆိုင်းနှောင်
မြို့တော်တောင်ကြီးတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား
ဒဏ်ရိုက် အရေးယူမှုများ ပြုလုပ်နေ သော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်၍
ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း တောင်ကြီးမြို့နေ စေတနာ့ဝန်ထမ်း
ဦးဝင်းနိုင်စိုးက ပြောကြားခဲ့သည်။
.
.
“ကျွန်တော်တို့ကတော့ ပညာပေးတာ အရေးယူတာတွေ ဆက်လုပ်နေတာပဲ။
ပြည်သူလူထုက ပူးပေါင်း ပါဝင်မှု မရှိရင် ဘာမှမထူးဘူးပေါ့။ ဒဏ်ကြေး ၂၀၀ ကလည်း
နိုင်ငံတော်က သတ်မှတ်ထားတာဆိုတော့ ဒီထက်တိုးကောက်လို့က မရဘူး။ နောက်ပြီးတော့ ကျွန်တော်တို့က
ငွေလိုချင်လို့ ဒဏ်ရိုက်နေတာ မဟုတ်ဘူး။ ပြည်သူတွေကို အသိတရားလေးဝင်ပြီး Mask
တပ်စေချင်လို့ပါ” ဟု ဦးဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့်
စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ Mask ပညာပေးခြင်း၊ အရေးယူခြင်းများအပြင် စွန့်ပစ်ထားသည့်
Mask များကို စနစ်တကျ လိုက်လံကောက်ပေး လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ် COVID-19 ရောဂါ
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ဦးဆောင်ကာ ပြီးခဲ့သည့်
အောက်တိုဘာလ ၇ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ်တွင် Mask မတပ်ဆင်သူများကို
ငွေကျပ် ၂၀၀ စီ ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်၊
ညနေပိုင်းအထိ စည်းကမ်းမလိုက်နာသူ ၂၀၀၀ ခန့်အား အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေးငွေကျပ်
၄၀၀၀၀၀ ကျော်ခန့်ကောက်ခံရရှိပြီဟု သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ Mask တပ်ဆင်၍ သွားလာသူ အနည်းငယ်ခန့်
ရှိနေသော်လည်း အများစုမှာ Mask တပ်ဆင်ခြင်းမရှိသည့်အပြင် Mask
တပ်ဆင်ရာတွင် စနစ်တကျ မသုံးစွဲခြင်း၊ စနစ်တကျ မစွန့်ပစ်ခြင်း၊
စည်းကမ်းလိုက်နာမှု အားနည်းခြင်း များကို တွေ့နေရကြောင်း ဒေသခံများထံက သိရသည်။
.
“Mask တပ်ရမယ်ဆိုတာတော့ COVID-19 စကတည်းက
ကြေညာပေးနေတာပဲလေ။ ဒီထက်ပိုပြီး အရေးယူစေချင်ပေမဲ့လည်း ဒီအပိုင်းကျတော့
ကျန်းမာရေးဌာနက တာဝန်ယူနိုင်တဲ့ အပိုင်း မဟုတ်ဘူးပေါ့။ အုပ်ချုပ်ရေးမှူးတွေနဲ့
စည်ပင်ကိုတော့ ဒီထက်ပိုပြီး တင်းကျပ်စေချင်ပါတယ်” ဟု ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သူဇာချစ်တင်ကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကမူ
မြို့နယ်အတွင်း Mask အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ လူထု ၉၅
ရာခိုင်နှုန်းခန့် လိုက်ပါဆောင်ရွက်လာပြီဖြစ်ကြောင်း ကမ္ဘောဇတိုင်းသို့
ပြောဆိုထားသည်။
.
ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်းအထိ
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၄၂၃၆၅ ဦး
ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၁၀၃၈ ဦး သေဆုံး၍ ၂၂၄၅၄ ဦးမှာ ပြန်လည် သက်သာ၍
ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment