ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေအိမ်အား ဖောက်ထွင်းခိုးယူသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 15, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေအိမ်အား ဖောက်ထွင်းခိုးယူသူကို ဖမ်းမိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ နေအိမ် ဂိုဒေါင်အား ဖောက် ထွင်း ဝင်ရောက်ကာ ဆိုင်ကယ်ခိုးယူသူကို ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက သက်သေခံ ဆိုင်ကယ်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ နယ်မြေ (၇)၊ မန္တလေးလမ်းရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ နေအိမ် အား စောင့်ရှောက်ပေးနေသူ ကိုမျိုးနိုင်ဦးသည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီခန့်က နေအိမ်ခြံဝင်း သန့်ရှင်းရေး ပြုလုပ်ရန်အတွက် ကိုမျိုးသက်ခိုင် ဆိုသူအား စေလွှတ်ခဲ့ရာ နေအိမ်ခြံဝင်းတံခါးသော့အား ဖွင့်မရကြောင်း ဖုန်းဖြင့် ပြောကြားလာသဖြင့် သွားရောက်ကြည့်ရှုရာ ခြံတံခါးမှာ ယခင် ၎င်းခတ်ခဲ့သည့် သော့မဟုတ်ဘဲ အခြားသော့ တစ်လုံးဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့ ၂ ဦးမှ ခြံဝင်းတံခါးဖျက်၍ ဝင်ရောက်ကြည့်ရှုရာ နေအိမ်ခေါင်းရင်း ဂိုဒေါင်အတွင်း ရပ်ထားသော KENBO-110 အမျိုးအစား အပြာရောင်မော်တော်ဆိုင်ကယ် ပျောက်ဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရပြီး နေအိမ်အတွင်း၌ ပစ္စည်းများ မွေနှောက်ရှာဖွေထားသည်ကို တွေ့ရှိရသဖြင့် ကိုမျိုးနိုင်ဦးမှ လားရှိုး နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တိုင်တန်းမှုနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်လုံခြုံရေးတပ်ခွဲမှ တပ်ဖွဲ့ဝင်များ၊ လားရှိုးခရိုင် မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များ၊ လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များဖြင့် လားရှိုးမြို့ပေါ်ရှိ ဆိုင်ကယ်ပြင်ဆိုင်များ၊ အပေါင်ဆိုင်များအား ဖြန့်ခွဲစုံစမ်းခဲ့ရာ ခိုးယူသွားသည့် ဆိုင်ကယ်အား လားရှိုးမြို့၊ ရပ်ကွက် (၉)ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင် တွေ့ရှိရပြီး စုံစမ်းရာ ၎င်းဆိုင်ကယ်အား တင်မောင်ကြည် ဆိုသူ လာရောက် ပြင်ခိုင်းထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

.

သို့ဖြစ်၍ လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၅)၊ မေတ္တာရောင်ခြည်ဘုန်းတော်ကြီးကျောင်း အနီးရှိ တင်မောင်ကြည်၏ နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ ညနေ ၄ နာရီခန့်က သွားရောက်ခေါ်ဆောင်၍ စစ်ဆေးရာ ရပ်ကွက် (၁၀) ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေအိမ် ခြံဝင်းတံခါးအား ဖွင့်၍ ဆိုင်ကယ်ဝင်ရောက်ခိုးယူပြီး ၎င်းပိုင် သော့ဖြင့် ခြံတံခါးအား ပြန်လည်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ သည်ဟု သိရသည်။

.

အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့် ပတ်သက်၍ ကျူးလွန်သူ တင်မောင်ကြည်အား လားရှိုးနယ်မြေရဲစခန်းတွင် (ပ)၁၄၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About