ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးငွေ ၄၂ သိန်းကျော် လွှဲပြောင်းပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 16, 2020

ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးငွေ ၄၂ သိန်းကျော် လွှဲပြောင်းပေးအပ်

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၃၀၀၀ ကျော်အနက်မှ ဒုတိယအကြိမ် ထောက်ပံ့ရန် ကျန်ရှိသည့် လူဦးရေ ၂၀၁၄ ဦးတို့အတွက် ဆန်ဖိုးငွေကျပ် ၄၂ သိန်းကျော်ကို အောက်တိုဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ကျောက်မဲ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

.


.

ကျောက်မဲမြို့နယ်၊ အနောက်တောင်ဘက် ဒေသများတွင် မြန်မာ့တပ်မတော်နှင့်  ရှမ်းပြည်ပြန်လည်ထူ‌ထောင်ရေး ကောင်စီ RCSS/SSA တို့အကြား အောက်တိုဘာ ၂ ရက်နေ့ မှ စ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောင်ထိပ်၊ ပုံဝိုး၊ နားဆောင်း၊ ကောင်းလန်း-ခဲရှင်၊ နောင်ကွမ်၊ ဟဲကွီ၊ ဟိုနမ့်၊ ကွမ်ဟင်၊ နားအွမ်၊ ကောင်းမူးခံစသည့်ကျေးရွာ ၁၀ ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဒေသခံ ပြည်သူ ၃၂၅၅ ဦး တိုက်ပွဲရှောင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲရှောင် ပြည်သူများကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လူတစ်ဦးလျင် တစ်ရက်စာ ဆန် ၂ ဘူး နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ လူဦးရေ ၁၂၄၁ ဦးအတွက် ၁၄ ရက်စာကိုလည်းကောင်း၊  လူဦးရေ ၂၀၁၄ ဦး အတွက် ၇ ရက်စာကိုလည်း‌ကောင်း တိုက်ပွဲရှောင် ကော်မတီမှတဆင့် ယခင်ရက်များက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကာ ယခု လွဲပြောင်းပေးသည့်ငွေမှာ လူဦးရေ ၂၀၁၄ ဦးအတွက် ဒုတိယအကြိမ်‌ ထောက်ပံ့‌ပေးရန် ဆန်ဖိုး ၇ ရက်စာ  ငွေများဖြစ်ကြောင်းသိရသည်။

.

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဦးစီးဌာနမှ ယနေ့အထိ အဆိုပါ တိုက်ပွဲရှောင် ပြည်သူ ၃၂၅၅ အတွက် တန်ဖိုးငွေကျပ် သိန်း ၁၃၀ ကျော်ရှိ ဆန်များကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းအသီးသီးနှင့် အလှူရှင် များကလည်း ဆန်၊ဆီ စားနပ်ရိက္ခာများ၊ ဆေးဝါးများ နေ့စဉ် သွားရောက် လှူဒါန်းထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

.

တိုက်ပွဲရှောင်များ ရှိနေသည့်အဆိုပါ ဒေသတွင်  တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ကာ တိုက်ပွဲရှောင် ပြည်သူများ သက်ဆိုင်ရာ‌နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိကြောင်းနှင့် နေရပ်ပြန်မည့် ပြည်သူများအတွက် နေအိမ်တွင် စားသောက်နိုင်ရန် ဆန်ရိက္ခာများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About