မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA)
တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး
ဒေသခံ ၇၀၀ ကျော် တောင်ထိပ် ကျေးရွာဘုန်းတ်ောကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြောင်း
သိရသည်။
.
.
အောက်တိုဘာလ ၃ ရက်၊ မွန်းလွဲပိုင်းက စတင်ဖြစ်ပွားခဲ့သည့်
တိုက်ပွဲများကြောင့် တောင်ထိပ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ အောက်တိုဘာလ ၄ ရက်တွင်
တိုက်ပွဲရှောင် ၄၀၀ ကျော် ရောက်ရှိလာသော်လည်း အောက်တိုဘာ ၅ ရက် တွင် ၇၀၀
ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းကျေးရွာသို့ ထောက်ပံ့ရေးပစ္စည်းများ
သွားရောက်ကူညီလှူဒါန်းသည့် နောင်ပိန်အခြေစိုက်ကမ်းလှမ်းလက်များ လူမှုကူညီရေးအသင်းမှ
ဦးနေအောင်က ထံက သိရသည်။
.
“မနေ့က တိုက်ပွဲသံကြားရင် ရပ်လိုက်၊ မကြားရင်
ရှေ့တိုးလိုက်နဲ့ မွန်းလွဲ ၂ နာရီလောက်ရောက်သွားပြီး သူတို့ အခက်အခဲဖြစ်နေတဲ့
စားစရာတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေ ကား ၄ စီးနဲ့ သွားပို့တာပါ။ တိုက်ပွဲအခြေအနေ ပေါ်မူတည်ပြီး
၁၅ မိနစ်လောက်ပဲ နေခဲ့နိုင်လို့ လူစာရင်းအတိအကျတော့ မရခဲ့ဘူး။ တိုက်ပွဲမှာ
ဒေသခံတစ်ယောက် တော့ ဒဏ်ရာရတာသူတို့ကျောက်မဲဆေးရုံကို ပို့တယ်ပြောတယ်။ ထပ်ပြီးလိုအပ်တာတွေ
ကူညီဖို့လုပ်ဆောင်နေ ပါတယ်” ဟု ဦးနေအောင်က ပြောသည်။
.
ယင်း တိုက်ပွဲရှောင်များတွင် ကလေးသူငယ် ၂၀၀ ကျော်ပါဝင်ပြီး
လူဦးရေများပြားခြင်းကြောင့် အိမ်သာမလုံလောက် မှုကို ဆောက်လုပ်ပေးရန်ရှိနေပြီး
အခြားလိုအပ်သည့် အကူအညီများအတွက် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“မနေ့က သူတို့အတွက် ကျောက်မဲခရိုင်တိုက်ပွဲရှောင်ရန်ပုံငွေနဲ့
ဆန်အိတ် ၃၀ ကို နမ့်ခုံးရှမ်းများပရဟိတအသင်းက တစ်ဆင့် ပေးပို့လှူဒါန်းလိုက်ပါတယ်။
ဆေးရုံက လူနာကိုလည်း သွားရောက်ကြည့်ရှုပြီး အားပေးကူညီမှုတွေ လုပ်ပေးနေပါတယ်”ဟု
ကျောက်မဲမြို့နယ် ဇီဝိတဒါနလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။
.
ယင်းတိုက်ပွဲများကြောင့် ဒဏ်ရာရရှိခဲ့သူမှာ
ခန့်ခိုင်း(ပေါက်အင်း)ရွာမှ အသက် ၄၆ နှစ်အရွယ် တောင်သူ ဦးမောင်ဟိန်း ဆိုသူဖြစ်ပြီး
တိုက်ပွဲကြောင့် ယာခြေထောက်၊ ယာခြေကျင်းဝတ်၊ ဝမ်းဗိုက်၊ ကျောဘက် နှင့် ဦးခေါင်း၊
ယာလက်တို့တွင် ဒဏ်ရာများရရှိကာ ကျောက်မဲဆေးရုံကြီးတွင် ဆေးကုသနေကြောင်း သိရသည်။
.
ဒဏ်ရာရ လူနာအတွက် ကျောက်မဲခရိုင်စစ်ရှောင်ကော်မတီမှ ကျပ် ၅၀၀၀၀၊
ဘေး/စီမံ ဌာနမှ ကျပ် ၅၀၀၀၀၊ လာရောက်သတင်းမေးသူ တပ်မတော်အရာရှိတစ်ဦးမှ ကျပ်ငွေ
၁၀၀၀၀ နှင့် ကျောက်မဲမြို့နယ်အုပ်ချုုပ်ရေးမှူး ဦးနိုင်ဝင်းမှ
ကြက်ဥနှင့်ခေါက်ဆွဲဖာများကို လူနာ၏ အစ်မဖြစ်သူ ပါစိန်ထံသို့
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
မြေပြင်သတင်းများအရ တပ်မတော်နှင့် RCSS တို့
ကျောက်မဲမြို့နယ် တောင်ဘက် မိုင်၃၀ ကျော်အကွာ ခိုင်ခန့် ကျေးရွာအနီးတွင်
အောက်တိုဘာ ၃ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့်
ခိုင်ခန့်၊ ပေါက်အင်း ကျေးရွာရှိ ဒေသခံများက
ကြောက်ရွံ့တိုက်ပွဲရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment