ကျောက်မဲတွင် တိုက်ပွဲများ ငြိမ်သက်လာသဖြင့် တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းစွာ နေရပ် ပြန်နိုင်ရေး ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

ကျောက်မဲတွင် တိုက်ပွဲများ ငြိမ်သက်လာသဖြင့် တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းစွာ နေရပ် ပြန်နိုင်ရေး ဆောင်ရွက်နေ

မင်းဇော်မင်း    

.          

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ငြိမ်သက်လာနေသဖြင့် တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းစွာ နေရပ် ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

.

တိုက်ပွဲ မဖြစ်တာ ၄/၅ ရက် ရှိသွားလို့ အားလုံး စိတ်ချမ်းသာနေကြတယ်တပ်ပိုင်း၊ အရပ်ပိုင်း အားလုံးနဲ့ ညှိနှိုင်းပြီး အလှူခံတာတွေ ရပ်ပြီး နေရပ်တွေကို ဘေးကင်းစွာ ပြန်ကြနိုင်ဖို့ လုပ်ဆောင်နေပါတယ်။” ဟု  ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ထို့အတူ ကျောက်မဲမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်မှ စတင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် RCSS တို့တိုက်ပွဲများကြောင့် ဒေသခံလူထု ၃၀၀၀ ကျော် တိုက်ပွဲရှောင် ခဲ့ရကာ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသဖြင့် ကျောက်မဲခရိုင်မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ရှမ်းပြည်နယ်အစိုးရထံ စစ်ပွဲများကိစ္စ ဖြေရှင်းပေးနိုင်ရေး အောက်တိုဘာ ၉ ရက်က တင်ပြထားသော်လည်း ရှမ်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ အပါအဝင် စစ်ပွဲများအား ရပ်တန့်ရန် အမိန့် ပေးနိုင်စွမ်းရှိသည့် တာဝန် ရှိသူများက ထင်ရှားပေါ်လွင်စွာ လုပ်ဆောင်မှု မရှိကြောင်းကိုလည်း ဦးစိုင်းထွန်းဉာဏ်က ဝေဖန် ပြောဆိုခဲ့သည်။

.

တိုက်ပွဲတွေ ဆက် ဖြစ်နေရင် ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ အထူးအစည်းအဝေး ခေါ်ယူပြီး ကျင်းပသင့်တယ်၊ အခုက တိုက်ပွဲအခြေအနေကို စောင့်ကြည့်ပြီး တောင်းဆိုဖို့ ရှိတယ်၊ ဒါပေမဲ့ COVID-19 ကာလ သတ်မှတ်ချက်နဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလ အနေအထားက ခေါ်ဖို့ အဆင်မပြေဘူးလို့ ယူဆမိတယ် ဒီလို စစ်ပွဲတွေ ဖြစ်နေတာကို အစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်တယ်ခုက ဘာမှ လုပ်တာ မတွေ့ရဘူး။” ဟု မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိမ်က ပြောသည်။

.

ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများရှိ တိုက်ပွဲရှောင် ဦးရေမှာ တောင်ထိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၆၄၆ ဦး၊ နားဆောင်းတွင် ၁၇၀ ဦး၊ ပုံဝိုးတွင် ၇၁၈ ဦး၊ ကွန်ဟင်တွင် ၃၉၇ ဦး၊  ကောင်းလန်းတွင် ၂၈၆ ဦး၊ ဟိုနမ့်တွင် ၃၈၆ ဦး၊ နောင်ကွမ်တွင် ၉၅ ဦး၊ ဟဲကွီတွင် ၁၂၅ ဦး၊ ကောင်းမှုခံတွင် ၂၅၀ ဦး၊ အုမ်ဟစ်တွင် ၄၃၀ ဦးစုစုပေါင်း စစ်ရှောင်စခန်း ၁၀ နေရာတွင် တိုက်ပွဲရှောင်ဦးရေ ၃၅၀၃ ဦး ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About