မိုင်းထွန်း
.
ကျောက်မဲမြို့နယ် အတွင်း၌ ဖြစ်ပွားလျက် ရှိသည့် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ပုံဝိုး၊ တောင်ထိပ်၊ နားဆောင်း၊ နောင်ကွမ်၊ ကောင်းလန်း၊ ကွမ်ဟင်၊ နမ့်ဟန်ခိတ် စသည့်ကျေးရွာ ၇ ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်များကို အဖွဲ့အစည်း အသီးသီးက အောက်တိုဘာလ ၉ ရက်တွင် ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲရှောင် ဒေသခံ ပြည်သူများသည် ပုံဝိုး၊ ဟဲကွီ၊ တောက်ထိပ်၊ နားဆောင်း၊ နောင်ကွမ်၊ နောင်ရှင်၊ ကောင်းလျန်း၊ ကွမ်ဟင် ကျေးရွာများမှ ဖြစ်ပြီး ၎င်းတို့အား UNHCR ၊ DRC ၊ Save the Children၊ မေတ္တာစွမ်းအား၊ နမ့်ခုံးပရဟိတ၊ SNLD ပါတီ၊ နောင်ပိန် ကမ်းလင့်လက် ပရဟိတ၊ အဖြူရောင်နှလုံးသား ပရဟိတ၊ MANA စသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက စားနပ်ရိက္ခာများ၊ အိမ်သုံး ဆေးဝါးများနှင့် နှာခေါင်းစည်းများကို သွားရောက်လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကျောက်မဲခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက တိုက်ပွဲရှောင် ပြည်သူ ၁၂၄၁ ဦးအတွက် တစ်ပတ်စာ ငွေကျပ် ၂၆၀၆၁၀၀ တန်ဖိုးရှိ ဆန်အိတ် ၉၀ ကျော်နှင့် အဝတ်အစား ဂျက်ဖာ ၂၄ ဖာကို သွားရောက် ထောက်ပံ့ခဲ့ပြီး ကျန်ရှိသော တိုက်ပွဲရှောင်ပြည်သူများကိုလည်း ထပ်မံ ထောက်ပံ့မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က စတင်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ပြည်သူ ၃၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး နှစ်ဘက်တပ်များ အပစ်အခတ် ရပ်စဲရန် အဖွဲ့အစည်း အသီးသီးက တောင်းဆိုနေလျက် ရှိသည်။
No comments:
Post a Comment