မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ မြန်မာနိုင်ငံ ဒေသအသီးသီးသို့
ထွက်ခွာမည့် ကားများပေါ်တွင် လိုက်ပါလာသူများအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့်
ယနေ့ အောက်တိုဘာလ ၆ ရက်၊ မွန်းလွဲပိုင်းမှ စတင်၍ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း
သိရသည်။
.
.
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ အခုလို သတ်မှတ်လုပ်ဆောင်တာပါ။
ထုတ်ထားတဲ့ Test Kit က တစ်ထောင်ကျော်ပဲ သုံးရသေးတယ်။ ၂၀၀၀၀ ကျပ်နှုန်းနဲ့ စစ်ခယူတာ
ဒီနေ့ စပါပြီ။ အဝင်ကားတွေကတော့ Negative ထောက်ခံချက် မပါရင် ပေးမဝင်ဘူး”
ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက်
ကိုရီးယားနိုင်ငံထုတ် Rapid Test Kit အခုရေ ၃၀၀၀ ချထားပေးရာ ယနေ့အထိ
၁၂၈၂ ခု သုံးစွဲခဲ့ပြီး ၁၇၁၈ ခု ကျန်ရှိကာ နောက်ရက်များတွင် ဆက်လက် စစ်ဆေးနိုင်ရေးအတွက်
Rapid Test Kit များ ထပ်မံရရှိဖွယ်ရှိနေကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း COVID-19 စစ်ဆေးရေးဂိတ်အဖြစ် ကလောမြို့နယ်၊ ရေယားကျေးရွာတွင် အောက်တိုဘာလ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက်
အောက်တိုဘာလ ၅ ရက်တွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးနယ်စပ်၊ နန့်ပန်တက်ကျေးရွာသို့
ပြောင်းရွှေ့စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးပေးရာတွင် အောက်တိုဘာလ ၂ ရက်က ရှမ်းပြည်နယ်မှ
အထွက်ကားများကို သွားခွင့်မပြုခဲ့ဘဲ အဝင်ကားများတွင် လိုက်ပါလာသူများကို Rapid Test Kit များဖြင့် အခမဲ့ စစ်ဆေး၍ Negative ဖြစ်သူများကို ပြည်နယ်အတွင်း
ဝင်ရောက်ခွင့် ပြုခဲ့ပြီး အောက်တိုဘာလ ၅ ရက်တွင် အတက်ကားများကို ဝင်ရောက်ခွင့်မပြုတော့ဘဲ
အဆင်း ကားများဖြင့် လိုက်ပါလာသူများကိုသာ အခမဲ့ စစ်ဆေးပေးခဲ့ရာမှ ယခုအခါ ငွေကျပ် ၂၀၀၀၀
သတ်မှတ်၍ Rapid Test Kit ဖြင့် စစ်ဆေးပြီး ထောက်ခံချက် ထုတ်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment