မင်းဇော်မင်း
.
ကလောမြို့နယ်၊ ရေယားကျေးရွာအနီးရှိ ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်
ယာဉ်အကူများကို COVID-19 ရောဂါ စစ်ဆေးပေးသည့် ရေယားစစ်ဆေးရေးဂိတ်အား ကလောမြို့အဝင်သို့
ပြောင်းရွှေ့၍ နန်းပန်တက်မှ တိုကင်စနစ်ဖြင့် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များကို
အောက်တိုဘာလ ၂ ရက်က ရေယားတွင် စစ်ဆေးခဲ့ရာမှ အုပ်ချုပ်မှုနှင့် စစ်ဆေးမှု ပိုမိုစနစ်ကျစေရေးအတွက်
ကုန်တင်ယာဉ်များကို နန်းပန်တက်တွင် ရပ်နား စေပြီး တိုကင်စနစ်ဖြင့် ကလောမြို့အဝင်သို့
စေလွှတ်ကာ Rapid Test Kit များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကလောမြို့နယ်
ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုထံက သိရသည်။
.
“ရေယားထက် နန်းပန်တက်မှာ ကားတွေအတွက် ပိုအဆင်ပြေတယ်။ နေရာတွေ
ပြောင်းရွှေ့ပြီး လုပ်ဆောင်နေပါပြီ” ဟု ဦးကျော်စန်းယုက ပြောသည်။
.
ယမန်နေ့ အောက်တိုဘာလ ၂ ရက်က ရေယားတွင် ကုန်တင်ယာဉ်မောင်းနှင့်
ယာဉ်အကူ ၆၅၃ ဦးတို့ကို ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၆ ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ၉ ဦးကို ကလောပြည်သူ့ဆေးရုံနှင့် ဓမ္မယာန လူငယ်ဖွံ့ဖြိုးရေးသိပ္ပံကျောင်းရှိ
Facilities Quarantine Center များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ကလောမြို့နယ်အတွင်း လက်ရှိတွင် ရရှိထားသည့် Rapid Test Kit အခုရေ ၃၀၀၀ ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်ပြီး ယင်း Rapid Test Kit ဖြင့် စစ်ဆေးသည့် ထောက်ခံချက်တွင် စစ်ဆေးချိန်၌ ပိုးမတွေ့ရှိသောလည်း အချိန်မရွေး
COVID-19 ရောဂါ ကူးစက်နိုင်ခြေရှိပြီး ပိုးကူးစက်ခံရပါက အခြားသူများသို့လည်း
ပြန်လည်ကူးစက်နိုင်ကြောင်း သတိပေး ဖော်ပြထားသည်ဟု သိရသည်။
.
No comments:
Post a Comment