စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား
ကလောမြို့နယ်၊ နန့်ပန်တက် ကျေးရွာတွင် ယာဉ်မောင်းအစားထိုးစနစ်ဖြင့်သာ ဝင်ရောက်ခွင့်
ပြုသွားမည်ဖြစ်ပြီး ယာဉ်မောင်း အစားမထိုးလိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်ကြောင်း
သိရသည်။
.
.
“မနက်ဖြန် (အောက်တိုဘာ ၆ ရက်) မနက် ၆ နာရီ စ ပါမယ်။ ဒေသခံတွေက
ပြန်ဝင်လာချင်တယ် ဆိုရင်တော့ Quarantine ဝင်ရမှာပေါ့။ တကယ်လို့ တခြားကလာတာတို့၊
ဖြတ်သွားချင်တာတို့ ဆိုရင်တော့ ယာဉ်မောင်း ချိန်းရမှာပေါ့။ ရန်ကုန်က လာတဲ့သူတွေကို
နည်းနည်း ဂရုစိုက်နေရတာကပါ။ မဖြစ်မနေ ယာဉ်မောင်းချိန်းရမယ် လို့တော့ မဟုတ်ဘူးပေါ့။
Quarantine ဝင်ချင်ရင်လည်း ဝင်လို့ရပါတယ်။ Quarantine
ဝင်တဲ့နေရာကို ယာဉ်တန်း တွေနဲ့ စုဖွဲ့ပြီး ပို့ပေးမှာပါ။ ဖြတ်သွားမယ့်
သူတွေကတော့ ကုန်သည်ကြီးတွေက စီစဉ်ပေါ့” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးနေလင်းက ပြောသည်။
.
အဆိုပါ နန့်ပန်တက်ကျေးရွာတွင် အောက်တိုဘာလ ၃ ရက်မှ စတင်၍ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက် များအား Rapid Test Kit ဖြင့် COVID-19 ရောဂါ စစ်ဆေး၍ ရောဂါပိုး မတွေ့ရှိသူများကို ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်
ပြုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက်မှ စတင်၍ ယင်းကဲ့သို့ ယာဉ်မောင်းအစားထိုးစနစ်
ပြောင်းလဲကျင့်သုံးခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
မရှိစေရေးအတွက် ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဘက်တွင်လည်း အရေးကြီးကုန်စည်များ စီးဆင်းမှု မပြတ်လပ်စေရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များဖြစ်သော ကလောမြို့နယ်၊
နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ် မြို့နယ်၊ ချင်းရွှေဟော်မြို့တို့တွင်
ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit များဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဓါတ်ခွဲစစ်ဆေးပေးလျက်ရှိရာ
ကလောမြို့နယ် စစ်ဆေးရေး ဂိတ်တွင် COVID-19 ရောဂါပိုး တွေ့ရှိသူ ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment