စုလှိုင်
.
လားရှိုးမြို့ရှိ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်က DVB သတင်းဌာနမှ သတင်းထောက် တစ်ဦးအား အောက်တိုဘာလ ၂ ရက်တွင် ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
.
“ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၈ လပိုင်းလောက်မှာ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်က အလုပ်သမားတွေကို အလုပ် လုပ်ခိုင်းပြီး လုပ်အားခ မရှင်းဘူးဆိုပြီးမှ အလုပ်သမားရုံးကို တိုင်တာကို ကျွန်တော်က Post (Facebook တွင်) တင်လိုက်တယ်။ ဦးရဲနိုင်က ပထမ နိုင်လွတ်လုံနဲ့ စွဲတာပေါ့။ နိုင်လွတ်လုံ မမြောက်တဲ့အတွက် ခု ၆၆(ဃ)နဲ့ ဥပဒေရုံးက ပြန် ကျလာတဲ့အတွက် ဒီလ ၂ ရက်က တရားရုံးကို စွဲတင်လိုက်တာပါ။” ဟု တရားစွဲခံရသူ DVB သတင်းထောက် ခွန်ဇော်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း အခြေအနေနှင့် ပတ်သက်၍ ခွန်ဇော်ဦး အနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တရားဝင် အကြောင်းကြားထားခြင်း မရှိသော်လည်း ကောင်စီဝင် တစ်ဦးထံသို့ ဖုန်းဖြင့် ဆက်သွယ် သတင်း ပို့ထားကြောင်း သိရသည်။
.
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲနိုင်က သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာ ရှိတယ်။ ကောင်စီက နှစ်ဘက်လုံးကို ခေါ်ပြီး ရှင်းလင်းတာတွေ ရှိတယ်။ အဲ့လို ရှင်းလင်းတဲ့ အပေါ်မှာ ကျွန်တော့်ဘက်က မှန်ကန်နေတဲ့အတွက် သူ့ဘက်က ပြန်ပြီး ရုပ်သိမ်းသွားတယ်။ ရဲစခန်းမှာ နိုင်လွတ်လုံနဲ့ စွဲတဲ့အပေါ်မှာ မကျလာဘဲ ၆၆(ဃ)နဲ့ ကျလာတာ ဖြစ်ပါတယ်။” ဟု ခွန်ဇော်ဦးက ဆက်လက် ပြောဆိုသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က သတင်းသွားရောက် မေးမြန်းသူ ခွန်ဇော်ဦးကို Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်၏ သတင်းပေး တိုင်တန်းမှုကြောင့် DVB သတင်းဌာနမှ သတင်းထောက် ခွန်ဇော်ဦးအား လိုင်စင်မဲ့ကား စီးနင်းမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။
.
“ သတင်းသမားကို ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲတာက မဖြစ်သင့်ပါဘူး။ သတင်းသမားကို ဒီလို မတရားတဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်တာက အရာ မထင်ပါဘူး၊ တရားရုံးကလည်း အမှန်တရားဘက်ကပဲ ရှိနေမယ်လို့ ယူဆပါတယ်။ ဒီဖြစ်စဉ်က လူတိုင်း သိပြီးသားမို့ တမင် လုပ်ကြံတယ်လို့တောင် ပြောလို့ ရပါတယ်။ သူ့သတင်းဌာန ဖြစ်တဲ့ DVB ကလည်း ကူညီနေတယ်လို့ သိရတယ်၊ လိုအပ်ရင် ဥပဒေအရရော၊ ကျန်တဲ့ ကိစ္စတွေအရရော ကူညီဖို့ အသင့်ပါ။” ဟု တောင်ကြီးမြို့နေ အယ်ဒီတာ တစ်ဦးက ပြောသည်။
.
လက်ရှိ သတင်းထောက် ခွန်ဇော်ဦးအား ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုထားသည့် အခြေအနေနှင့် ပတ်သက်၍ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
No comments:
Post a Comment