မင်းဇော်မင်း
.
International Foundation for Electoral Systems (IFES) မှ ကျင်းပပြုလုပ်ခဲ့သည့်
“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” တေးဂီတဖန်တီးမှု ပြိုင်ပွဲတွင် တောင်ကြီးမြို့မှ
အသက် ၁၈ နှစ်အရွယ် မောင်ဇေယျာပိုင်က အများ ပြည်သူပေးသည့် မဲဖြင့် ဆုရရှိခဲ့ကြောင်း
အဆိုပါအဖွဲ့၏ ယနေ့ အောက်တိုဘာလ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
မောင်ဇေယျာပိုင်သည် “မဲသွားပေးကြမယ်ဟေ့” တေးသီးချင်းဖြင့်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အများပြည်သူ ပေးသည့်မဲ ၂၅၀၈၄ မှတ်ဖြင့် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှ Mosses
က Together Bright တေးသီချင်းဖြင့်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၈၅၄၇ မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ
June Hpaan က အနာဂတ်အတွက်မဲတစ်ချပ် သီချင်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၄၄၃၃
မှတ်ဖြင့်လည်းကောင်း အများပြည်သူ ပေးသည့်ဆုများကို ရရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ ဖိတ်ခေါ် ဂီတပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ
၁၆ ရက်မှ အောက်တိုဘာလ ၉ ရက် အတွင်း တစ်နိုင်ငံလုံးမှ လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး
ဆန်ကာတင် ၁၀ ဦး၏ တေးသီချင်းများကို ရွေးချယ်ကာ First Time Youth Voters for
2020 Facebook စာမျက်နှာတွင် တင်ပြခဲ့ကာ အများပြည်သူမှ အောက်တိုဘာလ ၁၅ ရက်မှ
၂၀ ရက်အတွင်း မဲပေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
.
အလားတူ အကဲဖြတ်ဒိုင်များမှ ရွေးချယ်သည့် ဆုများကို ရန်ကုန်မှ
မြတ်ကိုဦးနှင့် Samuel တို့က နိုးကြားတက်ကြွ ၂၀၂၀ မဲပေးကြ တေးသီချင်းဖြင့်လည်းကောင်း၊
ချမ်းအောင်နှင့် ချမ်းဇမီရှိုင်းတို့က မဲပေးကြစို့ သီချင်းဖြင့်လည်းကောင်း အသီးသီး
ရရှိခဲ့သည်ဟု သိရသည်။
.
တေးဂီတဖန်တီမှုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ်
ဥက္ကာဦးသာ၊ အားတီ၊ မိစန္ဒီ တို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ်
မဲပေးကြမည့် လူငယ်မဲဆန္ဒရှင် ၅ သန်းကို လှုံ့ဆော်သည့်အနေဖြင့် လာမည့် နိုဝင်ဘာ ၃
ရက်တွင် Mizzima TV ၊ Firsttime youth voters for 2020 Facebook page
နှင့် Tune up to Vote ! You Tube ချန်နယ်တို့တွင် တပြိုင်နက်
ထုတ်လွှင့်သွားမည်ဖြစ်ကာ ယင်းဖြေဖျော်ပွဲတွင် ဘန်နီဖြိုး၊ မေလသံစဉ်၊ အုပ်စိုးခန့်၊
ပန်းရောင်ခြယ်၊ အားတီ၊ Eternal Gosh၊ J-Fire ၊ T
Zin နှင့် Fun Band အစရှိသည့်
ပြည်တွင်းအနုပညာရှင်များ၏ ကြိုတင် ရိုက်ကူးထားသည့် သီဆိုမှုများပါဝင်မည့်အပြင်
ယခုဆုရရှိသူများ၊ အကဲဖြတ်ဒိုင်များပါ ပါဝင် သီဆိုမည်ဖြစ်ကာ အထူးသဖြင့်တိုင်းရင်းသား
ဘာသာစကား ၈ မျိုးဖြင့် သီဆို ထားသည့် Every Human is The Same သီချင်းကို စုပေါင်း
ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်ဟု သိရသည်။
.
ယင်း အစီအစဉ်ကို နိုဝင်ဘာ ၄ ရက်၊ ၅ ရက် ၆ ရက်များတွင်
ထပ်မံထုတ်လွှင့်ပေးသွားမည်ဖြစ်ကာ IFES က နိုင်ငံတကာအလှူရှင်များ၏
ကူညီပံ့ပိုးမှုနှင့်အတူ လူမှုရပ်ဝန်း ပြောင်းလဲတိုးတက်ရေး ဖန်တီးမှုအေဂျင်စီ
ဖြစ်သည့် Love Frankie က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။
.