ဟိုပုံးမြို့၊ အနောက်ရပ်ကွက်တွင် အသေးစား စက်မှုလုပ်ငန်းအချို့ကြောင့် ရပ်ကွက်နေ ဒေသခံများ လျှပ်စစ်မီး သုံးစွဲမှု အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့၊ အနောက်ရပ်ကွက်တွင် အသေးစား စက်မှုလုပ်ငန်းအချို့ကြောင့် ရပ်ကွက်နေ ဒေသခံများ လျှပ်စစ်မီး သုံးစွဲမှု အခက်အခဲ ဖြစ်နေ

နန်းဝင်းရီ

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ (၂) အတွင်း၌ အသေးစား စက်မှုလုပ်ငန်းများကြောင့် ရပ်ကွက်နေ ဒေသခံများ လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်မပြေ ဖြစ်ပေါ်နေပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

.

“မီးအားက တစ်နေကုန်ကို ကျလိုက်၊ တက်လိုက် ဖြစ်နေတယ်။ အခု ၁၀၀ ဖြစ်သွားလိုက်၊ ခဏ ၂၀၀ ဖြစ်လိုက်နဲ့။ ရပ်ကွက်ထဲမှာ လျှပ်စစ်မီးသုံးပြီး လုပ်တဲ့ လုပ်ငန်းတွေ များတော့ မီးသုံးရတာ အဆင်မပြေဘူး။ သူတို့က နေ့ရော၊ ညရော အလုပ် လုပ်တော့ မီးအားက တအား ကျသွားလိုက်၊ တက်သွားလိုက် ဆိုတော့ မီးလောင်မှာ ကြောက်ရတယ်။ အိမ်က လျှပ်စစ်ပစ္စည်းတွေလည်း အကြာကြီး မခံဘူး၊ ခဏခဏ ပျက်တယ်။” ဟု ဟိုပုံးမြို့၊ အနောက်ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၂)အတွင်းရှိ အသေးစား စက်မှုလုပ်ငန်းများမှာ သစ်လုပ်ငန်း၊ စတီးလ်/သံပန်းလုပ်ငန်း၊ အုတ်ရိုက်စက်လုပ်ငန်းများ ဖြစ်ပြီး တရားဝင် လုပ်ငန်းများ ဟုတ်/မဟုတ်ကိုမူ မသိရှိရပေ။

.

“ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ညှိပြီးတော့ အများပြည်သူ လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ အချိန်မှာ လုပ်ငန်း မလုပ်ဖို့ ပြောရ မှာပေါ့။ ကျွန်တော်တို့က အဲဒါကို စိစစ်ပြီးတော့ အရေးယူဖို့ လုပ်ရမှာပေါ့။ တကယ်လို့ သုံးခဲ့ရင်တော့ ပထမတော့ သတိပေးမယ်။ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကွင်းဆင်းပြီးတော့ ဆောင်ရွက်မှာပါ” ဟု ဟိုပုံးမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးမြင့်ထွန်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဟိုပုံးမြို့တွင် မြို့ပေါ်ရပ်ကွက် ၆ ခုရှိပြီး လျှပ်စစ်ဓါတ်အား အသုံးပြုသည့် လူနေရပ်ကွက်များ အတွင်း အသေးစား စက်မှုလုပ်ငန်းများ တည်ရှိနေခြင်းကြောင့် လျှပ်စစ်ဓါတ်အား မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats