ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဟိုပုံး-စငေါ ၃၃ ကေဗွီ ဓါတ်အားလိုင်း ၁၃ ဒသမ ၅ မိုင်နှင့် ၅ အမ်ဗွီအေ စငေါဓါတ်အားခွဲရုံဖွင့်ပွဲကို
ယနေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
![]() |
Photo - U Nan Tint |
ဓါတ်အားခွဲရုံ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်က စငေါကျေးရွာ အုပ်စုတွင် ယခင်က ဒီဇယ်ဓါတ်အားပေးစက်များ၊ အသေးစား ရေအားလျှပ်စစ်များဖြင့်သာ
အချိန်ပိုင်းဖြင့် ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ နိုင်ငံတော်ဓါတ်အားစနစ်မှ
၂၄ နာရီ ဓါတ်အားဖြန့်ဖြူးပေး နိုင်ပြီဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား
ဦးခွန်ပန်းအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ဓာတ်အားခွဲရုံအား ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊
ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
.
အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာရှိ 11kv
ဓာတ်အားလိုင်းကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့်
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က လည်းကောင်း၊ ဗန်းစောက် ကျေးရွာ
၄၀၀ ဗို့အားလိုင်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော်တို့က လည်းကောင်း၊
ခိုခြဲကျေးရွာရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့က လည်းကောင်း အသီးသီး
ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်မိန်းခလုတ်အား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊
ပြည်နယ်စာရင်းချုပ်တို့က ဆွဲတင်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
.
စငေါကျေးရွာအုပ်စု ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက်
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃
ကေဗွီဓာတ်အားလိုင်း ၁၃ ဒသမ ၅ မိုင်နှင့် ၃၃/၁၁ ကေဗွီအေ ဓာတ်အားခွဲရုံတို့ကို
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၀၅၀ ဒသမ ၉၉၉ သန်း အကုန်အကျ ခံကာ
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်က ၁၆၅ မဂ္ဂါဝပ်
သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် ၂၅၆ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ပြီး
၂၀၁၆ ခုနှစ် မတ်လတွင် စုစုပေါင်း အိမ်ထောင်စုဦးရေ၏ ၂၅ ဒသမ ၄ ရာခိုင်နှုန်းသာ
နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၂၀
ပြည့်နှစ်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၌ ၆၁ ဒသမ ၇၀ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်
၄၅ ဒသမ ၆၉ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၇ ဒသမ ၃၅ ရာခိုင်နှုန်း၊
စုစုပေါင်း ၄၇ ဒသမ ၆၆ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ရရှိအောင်
ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ
လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေး နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့်
နောင်တရားမြို့၌ ၆၆ ကေဗွီလိုင်း ၃၄ မိုင်နှင့် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ
ဓာတ်အားခွဲရုံ တစ်ရုံ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်(နောင်ယာဆိုင်း) ၃၃ ကေဗွီ
ဓာတ်အားလိုင်း ၀ ဒသမ ၀၃ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ၊
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ဒေသ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆတ်သေ-မိုင်းပျဉ်း
၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ၊
ရွာငံမြို့တွင် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓါတ်အားခွဲရုံအား ၁၀ အမ်ဗွီအေသို့
အဆင့်မြှင့်တည်ဆောက်ခြင်း၊ လွိုင်လင်၊ ပင်လုံ၊ ဝမ်ကုန်းကျေးရွာသို့ ၆၆ ကေဗွီလိုင်း
Double Circuit ၀ ဒသမ ၆ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ
ဓာတ်အားခွဲရုံ တစ်ရုံ၊ နမ့်စန်မြို့နယ်၊ လွိုင်ကျန့် (လွိုင်စန့်) တွင် ၃၃
ကေဗွီလိုင်း Double Circuit ၀ ဒသမ ၂ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅
အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတု ကျေးရွာတွင် ၆၆/၁၁
ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း မြို့/မြို့နယ်ပေါင်း ၈၆ မြို့၊ ကျေးရွာပေါင်း
၁၃၇၈၂ ရွာနှင့် အိမ်ထောင်စုပေါင်း ၁၁၆၉၅၆၉ စု ရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်၊
စက်တင်ဘာလအထိ မြို့/ မြို့နယ်ပေါင်း ၈၆ မြို့၊ ကျေးရွာ ပေါင်း ၄၆၇၂ ရွာနှင့်
အိမ်ထောင်စုပေါင်း ၅၅၇၅၆၉ စုတို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ
ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
ရှမ်းပြည်နယ်အစိုးရရန်ပုံငွေကျပ်သန်းပေါင်း ၄၁၁၀၀ ဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး
ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက် ပြီးစီးပါက
ကျေးရွာပေါင်း ၁၆၉ ရွာ၊ အိမ်ထောင်စုပေါင်း ၁၅၅၃၉ စုအား တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်
ဖြစ်ကြောင်း သိရသည်။
.