နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အောက်တိုဘာလ ၁ ရက်က ပါဆယ်စနစ်ဖြင့် ရောင်းချရမည့် အမိန့်ကို မလိုက်နာသည့် စားသောက်ဆိုင် ၂ ဆိုင်အား ၃ ရက် ပိတ်သိမ်းစေကာ အရေးယူထားကြောင်း ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
“ ရှေ့တစ်ရက် စစ်ထားတဲ့ဟာတွေက ၂ ဆိုင် အရေးယူထားတယ်။ စားသောက်ဆိုင်နဲ့ အကင်ဆိုင် ဖြစ်ပါတယ်။ အမြဲတမ်း လိုက်စစ်တယ်။ ၃ ရက် ပိတ်ခိုင်းတယ်။ ၃ ရက်ပိတ်နဲ့ အရေးယူတယ်။ ၃ ရက် ပိတ်ပြီးရင်တော့ စည်းကမ်းအတိုင်း ပြန်ရောင်းပေါ့။ ပထမအကြိမ် သတိပေးတယ်၊ ဒုတိယအကြိမ်က ၃ ရက် ပိတ်တယ်၊ တတိယအကြိမ်မှာတော့ ဆိုင်ကို အပြီး ပိတ်မှာပါ။ ဒါပေမဲ့ လိုက်နာကြပါတယ်။” ဟု ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ရောဂါ ဆင့်ပွား ကူးစက်ခံရသူများတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင် စားသောက်ခြင်းမှ ကူးစက်ခံရသူ များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့် မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ဟိုပုံးမြို့ပေါ် ၆ ရပ်ကွက်တွင် စားသောက်ဆိုင် ၂၀ ကျော်နှင့် လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်ကျော်ခန့် ရှိပြီး လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ပါဆယ် (Take away) စနစ်ဖြင့်သာ ရောင်းချရန် ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ စက်တင်ဘာလ ၂၅ ရက်တွင် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
.