ခွန်ရဲထွေး (ဆီဆိုင်)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်နှင့် လင်းခေးခရိုင်၊
မောက်မယ်မြို့နယ်အကြား ပွန်ချောင်းကို ဆက်သွယ်တည်ဆောက်ထားသည့် ပွန်ချောင်းတံတား ဖွင့်ပွဲကို
ယနေ့ အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းက အဆိုပါ တံတားသစ်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
.
.
တံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်သူတို့၏
လူနေမှုဘဝများ တိုးတက်မြင့်မားရေး တွင် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးသည်
အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ထို့အတူ လမ်း တံတားများ ဖွံ့ဖြိုးတိုးတက်မှုသည်
လွန်စွာ အရေးကြီးပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးသူရဇော်က
တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများကိုယ်စား ဦးခွန်လှထွန်းက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊
ဆီဆိုင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းငေါင်ဆိုင်ဟိန်းတို့က ပွန်ချောင်း တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး
အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ တံတားကမ္ဗည်းကျောက်စာ အား အမွေးနံ့သာရည်များ
ပက်ဖျန်းခြင်းနှင့် တံတားသစ်အား လှည့်လည်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ပွန်ချောင်းတံတားသည် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး
လမ်းမကြီး NH-21 နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း NH-23 တို့ကို ဆက်သွယ်ပေးထားသည့်
လမ်းပေါ်ရှိ တံတားဖြစ်ပြီး ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၉၇၄ ဒသမ ၅ သန်း ဖြင့်
တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂) ရွှေညောင်မြို့မှ တာဝန်ယူ
တည်ဆောက်ထားခြင်းဖြစ်ကာ တံတားအရှည် ၁၉၀ ပေ၊ အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃
ပေစီ၊ အမြင့် ၄၅ ပေ၊ သံမဏိသံဘောင်ယက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ကြောင်း
သိရသည်။
.
တံတားတည်ဆောက်မှု ပြီးစီးသွားသည့်အတွက် ကျွန်းတောင်-ကျောက်တလုံးကြီးမြို့-ဆီဆိုင်မြို့နယ်နှင့်
မောက်မယ် မြို့နယ်များသို့ ဆက်စပ်သွားလာမှု ပိုမိုမြန်ဆန်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ကာ ကုန်စည်စီးဆင်းမှု ကောင်းမွန်မြန်ဆန်လာစေမည်ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment