တောင်ကြီးတွင် လူစုလူဝေးဖြင့် မီးပုံးပျံလွှတ်တင်မည်ကို ကျန်းမာရေးနှင့် ထွေ/အုပ်က သဘောမတူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 22, 2020

တောင်ကြီးတွင် လူစုလူဝေးဖြင့် မီးပုံးပျံလွှတ်တင်မည်ကို ကျန်းမာရေးနှင့် ထွေ/အုပ်က သဘောမတူ

စုလှိုင်

.

မြို့တော် တောင်ကြီးတွင် လာမည့် အောက်တိုဘာလ ၃၁ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် လူစုလူဝေးဖြင့် မီးပုံးပျံ လွှတ်တင်မည့် အစီအစဉ်အား ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က သဘော မတူကြောင်း သိရသည်။

.

မီးပုံးပျံ လွှတ်မယ် ဆိုရင် လူစုလူဝေးတော့ ဖြစ်မှာပဲ။ လူစုလူဝေး မလုပ်ရဘူးဆိုတာလည်း ကြေညာထားပြီး ဖြစ်တယ်။ ဒါကို မလုပ်စေချင်ဘူး။ လူစုလူဝေး လုပ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင်ခုချိန်က ရောဂါက ဖြစ်ပွားမှု များနေတဲ့အချိန် အခုတွေ့တဲ့ postive တွေဆိုရင် ဘယ်က ကူးလာမှန်း သေချာ မသိဘူး။ တောင်ကြီးမြို့ထဲမှာလည်း ပိုးရှိတဲ့ သူက ရှိနေနိုင်တာပဲ။ အဲ တစ်ယောက်ကနေ လူစုလူဝေး လုပ်လို့ ကူးသွားခဲ့ရင် အများကိုလည်း အန္တရာယ် ဖြစ်စေတော့ ကျန်းမာရေးဌာနအနေနဲ့ လုံးဝ သဘောမတူဘူး။” ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

ယင်းကဲ့သို့ မီးပုံးပျံ လွှတ်တင်မည့် အစီအစဉ်အား ကျန်းမာရေးဌာနအနေဖြင့် သဘောမတူသော်လည်း ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်အပေါ်တွင်သာ မူတည်ကြောင်းနှင့် လက်ရှိ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ဘုရားရှင်အား ပူဇော်ခြင်းကို နေအိမ်ကသာ ပူဇော်ခြင်းသာ အကောင်းဆုံး ဖြစ်ပြီး ကပ်ရောဂါ ပြီးဆုံးသည့် အချိန်မှသာ လုပ်ဆောင်စေလိုကြောင်းကိုလည်း ၎င်းက မေတ္တာ ရပ်ခံခဲ့သည်။

.

ထို့အတူ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကလည်း အစိုးရအဖွဲ့ ရုံးစိုက်တဲ့ မြို့ဖြစ်လို့ ရှမ်းပြည်နယ်အစိုးရကို စာတင်မယ်။ ပထမလှိုင်းရော၊ ဒုတိယလှိုင်းရော ၆ လလောက်ကို မြို့က လူထုနဲ့ ပူးပေါင်းပြီး ထိန်းထားခဲ့တာ။ အခြားဒေသလို ကိုယ့်မြို့ကိုယ့်ရွာကို အဖြစ် မခံနိုင်ဘူး။ ဒီဟာနဲ့ ပတ်သက်ရင်တော့ မြို့နယ်အနေနဲ့က လက်မခံနိုင်ဘူး။ သူတို့ဘက်ကလည်း အစိုးရ ရုံးစိုက်တဲ့ မြို့ဖြစ်လို့ အစိုးရရဲ့ သဘောထားကို သိချင်တယ်ဆိုလို့ အစိုးရကို စာတင်မယ်၊ အစိုးရအဖွဲ့ကတော့ ၂၇ ရက်မှာ အကြောင်းပြန်မယ်။ မြို့နယ်ရဲ့ သဘောဆန္ဒကတော့ ဒီဟာကို လက်မခံနိုင်ဘူး။ ဒေသအစုံက ဝင်ရောက်လာကြမှာ ဖြစ်လို့ ရောဂါကူးစက်မှုက အရှိန် မြင့်သွားနိုင်တယ်။ ထိန်းလို့ ရနိုင်တဲ့ အနေအထားကို ထိန်းထားလိုတာပါ။ဟု ပြောသည်။

.

သက်ဆိုင်ရာ မြို့နယ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် မြို့နယ်အလိုက် ကော်မတီများမှ လိုအပ်သလို ဆောင်ရွက်နိုင်သည်ဟု ရှမ်းပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌမှ ညွှန်ကြားထားသော်လည်း တောင်ကြီးမြို့သည် ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့ မီးပုံးပျံ လွှတ်တင်မည့် အစီအစဉ် ခွင့်ပြုချက်အား ရှမ်းပြည်နယ်အစိုးရသို့ တင်ပြ၍ ညွှန်ကြားချက်အား စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

.

မီးပုံးပျံများ လွှတ်တင်ရန် စီစဉ်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ ဦးသန်းဇော်အား ဆက်သွယ်မေးမြန်းရာတွင် "အစီအစဉ်က ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်တယ်။ ဒေသန္တရအမိန့် ထုတ်ပြန်ထားတာကို သတိမထားမိဘူး။ အဝေရာကွင်းရော ပါနေတော့ COVID -19 ကလည်း လူစုလူဝေးကလည်း မလုပ်ရဘူးဆိုတော့ ပြန်သုံးသပ်တယ်။ ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တော့ ပြည်နယ် အစိုးရကို ပြန်တင်မယ်။ သူတို့နဲ့ မပြီးဘူး။ ဒီကြေညာချက် မြင်ကတည်းက ရုတ်သိမ်းဖို့က ရှိတယ်။ မြို့ထဲက လုပ်နေတဲ့ ကလေးတွေအတွက်ရော အကြံဉာဏ် သွား ယူကြည့်တာပေါ့။ ၂၇ ရက်နေ့မှ အကြောင်း ပြန်မယ်။ လေးလေးတို့ အဖွဲ့ (မီးပုံးပျံ လွှတ်တင်ပူဇော်ရေးအဖွဲ့) ကတော့ ရက် အကန့်အသတ် မရှိ ရွှေ့လိုက်ပြီ။ မလွှတ်ဖြစ်တော့ဘူး။ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံ လွှတ်တင်ပူဇော်ရေးအဖွဲ့က ညမီးကြီး အမျိုးအစား မီးပုံးပျံ ၂ လုံး၊ မီးပုံးပျံအငယ် ၁၅၀၀ လုံး၊ ပြင်ပ မီးပုံးပျံဝါသနာရှင်များက ညမီးကြီးအလုံး ၂၀ ခန့်နှင့် မီးပုံးပျံငယ်များကို COVID-19 ကပ်ရောဂါ ကင်းစင်ရေးအတွက် ဆုတောင်းသည့် အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ယင်းအနက် မီးပုံးပျံ လွှတ်တင်ပူဇော်ရေးအဖွဲ့၏ မီးပုံးပျံ လွှတ်တင်ပူဇော်ရေး အစီအစဉ်ကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းရန် စီစဉ်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About