ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည့်သူ ၃၆ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 26, 2020

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည့်သူ ၃၆ ဦး ရှိ

ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့) ဝန်ကြီးအဖြစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမည့်သူ ၃၆ ဦး ရှိကြောင်း သိရသည်။

.

ယင်း ကိုယ်စားလှယ်လောင်း ၃၆ ဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ‌၇ ဦးဖြင့် အများဆုံး ယှဉ်ပြိုင်မည် ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊  အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကချင် အမျိုးသားပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ပါဝင်မည် ဖြစ်သည်။

.

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် အခြေခံဥပဒေအရ ရွေးကောက် တင်မြှောက်ခွင့် ရှိသော တိုင်းရင်းသားများမှာ ကချင်၊ လားဟူ၊ လီဆူ၊ အာခါ၊ အင်း၊ ကယန်းနှင့် ဗမာတိုင်းရင်းသားများ ဖြစ်သည်။

.

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲတွင် အနိုင် ရရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ အဖြစ် ၂၀၂၁ ခုနှစ် တတိယအကြိမ် ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သည်။

.

တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(ဂ)တွင် ပြည်နယ်များတွင် ထိုပြည်နယ် ရရှိပြီးသော  သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှ အပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သော လူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များဟု ဖော်ပြပါရှိသည်။

.








 (ဓါတ်ပုံများအား vote mm မှ ရယူထားခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment

Journal Download

Photo of three cats

About