ပင်းတယမြို့နယ်တွင် ကုမ္ပဏီဝန်ထမ်း ဓါတ်လိုက် သေဆုံးမှုနှင့် ပတ်သက်၍ စုံခုံဖွဲ့ စစ်ဆေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 12, 2020

ပင်းတယမြို့နယ်တွင် ကုမ္ပဏီဝန်ထမ်း ဓါတ်လိုက် သေဆုံးမှုနှင့် ပတ်သက်၍ စုံခုံဖွဲ့ စစ်ဆေးမည်

စုလှိုင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာအုပ်စု၊ သရက်ပြားကျေးရွာ လမ်းဆုံတွင် ကုမ္ပဏီဝန်ထမ်း တစ်ဦး ဓါတ်လိုက် သေဆုံးမှုနှင့် ပတ်သက်၍ စုံခုံ ဖွဲ့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

.


လျှပ်စစ်ဝန်ထမ်း မဟုတ်ပါဘူး ။ --- က ဝန်ထမ်းပါ။ လျှပ်စစ် ဓာတ်လိုက်လို့ ရှိရင် လုပ်ထုံးလုပ်နည်းနဲ့ ခုံဖွဲ့ စစ်ဆေးတာတွေ ရှိပါတယ်။ အဲဒါနဲ့ စစ်မှာပါ။ ခုံဖွဲ့စစ်ဆေးမှ ဖြစ်စဉ် အမှန်ကို သိမှာပါ။ ဖြစ်စဉ်အမှန်က ဘာကြောင့် ဖြစ်မှန်း မသိသေးဘူး။ ဖြစ်စဉ်အမှန်ကို သေချာ ကျကျနန စစ်မှ ရမှာပေါ့။ ဓာတ်တိုင်ပေါ်ကို ဘာကြောင့် တက်သွားတာလဲ။ ဘယ်လို အခြေအနေမျိုး ရှိနေလဲ ဆိုတာ သေသေချာချာ ဂဃနသိအောင် စစ်ဆေးမှ ရမှာပေါ့ဟု ရှမ်းပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်လှိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပုဂ္ဂလိကကုမ္ပဏီ တစ်ခုမှ ရပ်စောက်မြို့နယ်၊ မြင်းတောင်ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုခိုင်ထူးသည် ပင်းတယမြို့နယ်၊ ထုံးပုံကျေးရွာ ဓါတ်အားလိုင်းမှ သစ်အယ်ပင်ကျေးရွာသို့ အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၆ နာရီက ဓါတ်အားလိုင်း ကြိုးဆွဲမှု ပြုလုပ်စဉ် ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဓါတ်အားလိုင်း ကြိုးဆွဲမှု ပြုလုပ်ရာတွင် ဓါတ်အားလိုင်း ချပေးရန် (မီးဖြတ်ရန်)အတွက် သေဆုံးသူမှ တာဝန် ရှိသူများထံသို့ ဆက်သွယ် အကြောင်းကြားခြင်း မရှိဘဲ ၎င်း၏ သဘောအရသာ ပြုလုပ်ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

“ သူတို့ လုပ်ငန်း ပြီးသွားပြီဆိုရင် မြို့မီးနဲ့ ချိတ်ဆက်ရတာ။ အဲဒီ အချိန်ကြရင် မြို့မီးကို ဖြုတ်ပေးဖို့ အကြောင်းကြားရမှာ၊ လုပ်ငန်း ပြီးတဲ့အချိန်မှာ အကြောင်းမကြားဘဲနဲ့၊ ဒီကလေးကလည်း (သေဆုံးသူ) မီး ချိတ်ဆက်ရမယ့်သူ မဟုတ်ဘူး၊ သူ့ တာဝန်လည်း မဟုတ်ဘူး။ သူ့သဘောနဲ့ သူ ဓါတ်တိုင်ပေါ် တက်တာ။” ဟု ပင်းတယမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ကုမ္ပဏီဝန်ထမ်း ဓါတ်လိုက် သေဆုံးမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ တင်ပြထားပြီး ညွှန်ကြားချက် ရရှိပါက ဖြစ်စဉ်အမှန် သိရှိနိုင်ရန်အတွက် စုံခုံဖွဲ့ စစ်ဆေး၍ တာဝန်ရှိသူအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About