ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ လာရောက်မပေးနိုင်သူများအတွက် မဲပေးပိုင်ခွင့်
မဆုံးရှုံးစေရန် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ရွေးကောက်ပွဲကော်မရှင်မှ
ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုံခြုံစိတ်ချ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက်
လျှို့ဝက်ဆန္ဒပြုခန်းနှင့် မဲပုံးများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့်
မဲရုံသို့ လာရောက်ဆန္ဒမဲ မပေးနိုင်သော မဲဆန္ဒရှင်ပြည်သူများသည် နိုဝင်ဘာလ ၆ ရက်မှ
၇ ရက်အတွင်း လည်းကောင်း၊ ဆေးရုံတက်ရောက် နေသူများ၊ အချုပ်ခံနေရသူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်
မိမိမဲဆန္ဒနယ်ကို ကျော်လွန်၍ နိုင်ငံတော် တာဝန်ဖြင့် ခရီးသွားလာနေသူများသည် အောက်တိုဘာလ
၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်အတွင်း လည်းကောင်း ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြမည်ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ထို့အပြင် COVID-19
ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Stay Home သတ်မှတ်ထားသည့်
မြို့နယ်များနှင့် လူဦးရေ ထူထပ်သော မြို့နယ်များတွင် နေထိုင်သော အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊
ကျန်မြို့နယ် များတွင် နေထိုင်သည့် အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine
ဝင်ရောက်နေသူ မဲဆန္ဒရှင် ပြည်သူများသည် အောက်တိုဘာလ ၂၅ ရက်မှ နိုဝင်ဘာလ
၇ ရက်အတွင်း လည်းကောင်း သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက
သတ်မှတ်သည့် နေ့ရက်၊ အချိန်အတိုင်း ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ
၈ ရက်တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း မြို့နယ် ၅၅ မြို့နယ်
ရှိသည့်အနက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ၄ မြို့နယ်၊ ကျိုင်းတုံခရိုင်မှ
မိုင်းလားမြို့နယ်၊ လွိုင်လင်ခရိုင်မှ မိုင်းကိုင်မြို့နယ်နှင့် မြို့နယ်အချို့ရှိ
ရပ်ကွက်/ကျေးရွာအုပ်စု ၁၄၁ ခုတို့မှ အပ ကျန်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment