မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းနိုင်သည့် နယ်မြေများတွင်
ကျင်းပခွင့်ရရှိရေးအတွက် လမ်းကြောင်း ၂ မျိုးဖြင့် ထပ်မံတင်ပြလုပ်ဆောင်နေပြီး အလားအလာ
ကောင်းနေသည်ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ထံက သိရသည်။
.
.
“လမ်းကြောင်း ၂ ကြောင်းကနေ တင်ပြညှိနှိုင်းထားတာ ရက်ပိုင်းအတွင်း
သိရပါမယ်။ အလားအလာ ကောင်းပါတယ်။ မိုင်းကိုင်ကတော့ ၆ ပါတီနေရာမှာ နှင်းဆီပါတီ မပါတော့
၅ ပါတီပဲ ကျန်တယ်” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများတွင်
ရွေးကောက်ပွဲဝင်ရောက်သည့် နိုင်ငံရေးပါတီများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
တင်ပြသည့် လမ်းကြောင်း၊ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေများပါဝင်သည့်
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တစ်ဆင့် တင်ပြလာသဖြင့် ပြည်နယ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
တင်ပြသည့်လမ်းကြောင်း တို့ဖြင့် တင်ပြထားရာ ရက်ပိုင်းအတွင်း အဖြေသိရမည်ဖြစ်ပြီး
အလားအလာကောင်းမွန်သည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
ကြေညာချက်အမှတ်(၁၉၇/၂၀၂၀)ဖြင့် ထုတ်ပြန်ရာတွင် ပါဝင်သည့် ရှမ်းပြည်နယ် အတွင်းမှ ရွေးကောက်ပွဲမကျင်းပနိုင်သည့်
နယ်မြေများတွင် မိုင်းကိုင်တစ်မြို့နယ်လုံးပါဝင်ခဲ့ရာ မဲဆန္ဒရှင် စုစုပေါင်း ၅၆၀၀၀
ကျော်မှာ မဲပေးခွင့်ဆုံးရှုံးနေပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဆုံးရှုံးနိုင်သည့်
မဲဆန္ဒရှင်စုစုပေါင်း တစ်သိန်းနီးပါးခန့်ရှိနေသည်ဟု ဦးထင်ကျော်က ပြောသည်။
.
ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် လွှတ်တော်အသီးသီးတွင်
ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ရှမ်းပြည်နယ်က စုစုပေါင်း ၈၅၈
ဦးရှိပြီး အကယ်၍ မြို့နယ် ၆ မြို့နယ် မပါဝင်ပါက ကိုယ်စားလှယ်လောင်း ၈၄၃ ဦးသာ
ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်ဟု သိရသည်။
.
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့မှထုတ်ဝေသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ် လောင်းဆိုင်ရာ
အချက်အလက်များစာတမ်းအရ ရှမ်းပြည်နယ်မှ လွှတ်တော်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင် ကြမည့်
ကိုယ်စားလှယ်လောင်းဦးရေ စာရင်းမှာ ပြည်သူ့လွှတ်တော် ၂၃၉ ဦး၊ အမျိုးသားလွှတ်တာ် ၆၈ ဦး၊ ပြည်နယ် လွှတ်တော် ၅၁၃ ဦးနှင့် တိုင်းရင်းသားရေးရာလူမျိုးကိုယ်စားလှယ် ၂၈ ဦး
ရှိကြောင်း သိရသည်။
.
No comments:
Post a Comment