မဲပေးရာတွင် ပါတီ၏ မူဝါဒအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းကိုပါ ကြည့်၍ မဲပေးရန် ရှမ်းပြည် နိုင်/ကျဉ်း အဖွဲ့ဝင် အကြံပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

မဲပေးရာတွင် ပါတီ၏ မူဝါဒအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းကိုပါ ကြည့်၍ မဲပေးရန် ရှမ်းပြည် နိုင်/ကျဉ်း အဖွဲ့ဝင် အကြံပြု

လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးရာတွင် သက်ဆိုင်ရာပါတီ၏ မူဝါဒအား ကြည့်ရှုရမည့် အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အရည်အချင်းကိုပါ ကြည့်၍ မဲပေးရန် ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်က အကြံပြုခဲ့သည်။

.

“ ပြည်သူကတော့ လွှတ်တော်ကိုယ်စားလှယ်ကို တချို့က လူကို ကြည့်တယ်၊ တချို့က ပါတီကို ကြည့်တယ်။ ပြောချင်တာက လူလည်း ကြည့်ရမယ်၊ ပါတီကိုလည်း ကြည့်ရမယ်။ ပါတီရဲ့ မူဝါဒကို ကြည့်ပြီး လူက အသုံးမကျရင်လည်း မဟုတ်သေးဘူး၊ လူလည်းကောင်းမှ မူလည်း ကောင်းမှ၊ နှစ်ဘက်ကို မျှတွေးပြီး ကြည့်နိုင်မှ ဖြစ်မယ်။ လက်ရှိ မြင်နေတာကတော့ ပါတီကို ကြည့် မဲပေးကြမယ့်သူက များပါတယ်။” ဟု ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့အနေဖြင့် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် စသည့် နိုင်ငံရေးပါတီ ပေါင်းစုံတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါရှိနေခြင်းကြောင့် အဖွဲ့အနေဖြင့် မည်သည့်ပါတီကိုမှ ဝန်းရံသွားမည် မဟုတ်ဘဲ အဖွဲ့ဝင်များ၏ တစ်ဦးချင်း အခွင့်အရေး လွတ်လပ်ခွင့်အရသာ နှစ်သက်ရာ ပါတီကို ဝန်းရံသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် လက်ရှိ COVID-19 ကပ်ရောဂါ ကာလအတွင်း လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေခြင်းမှာ သက်ဆိုင်ရာ ပါတီများတွင် တာဝန်ရှိပြီး ထိန်းချုပ်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်က သုံးသပ်သည်။

.

ထိန်းချုပ်မှု အားနည်းတယ်လို့ ပြောရမှာပေါ့။ အခုက ဘော်လီဘော ပုတ်သလိုမျိုး သွားနေကြတာ၊ ဒါကဝန်းရံသူတွေပါ၊ သေချာ အစတည်းက ကြပ်ကြပ်မတ်မတ် လုပ်မယ်ဆိုရင် ဒီလိုပုံစံတွေ လျော့သွားမှာပေါ့။ ဒီဘက် (NLD) ကလည်း စာထုတ်ပြီး လူစုလူဝေးနဲ့ မလုပ်ဖို့တားတယ်။ USDP ကလည်း ထုတ်ပြီး တားတာပဲ။ ဒါပေမဲ့ သူတို့ စာထုတ်လိုက်မှ ပိုတောင် ဆိုးလာသေးတယ်။ သူတို့မှာလည်း အများကြီး တာဝန်ရှိတာပေါ့၊ ဝန်းရံသူတွေပါလို့ ပြောတာက သဘာဝ မကျဘူးပေါ့။ဟု ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်က ပြောသည်။

.

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ၂၀၂၁ တွင် ပေါ်ထွက်လာမည့် အစိုးရကို ပြည်သူအား ပျော်ရွှင်အောင် ထားနိုင်သည့် အစိုးရမျိုး ဖြစ်စေလိုကြောင်းနှင့် ပြည်သူဆိုသည်မှာ အလွှာပေါင်းစုံမှ အားလုံးပါဝင်ကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

.

ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တွင် အဖွဲ့ဝင်စုစုပေါင်း ၅၀ ဦးခန့် ရှိပြီး ၎င်းတို့အနက် ကွယ်လွန်သူများ ရှိသကဲ့သို့ နိုင်ငံရေးပါတီ အသီးသီးတွင် ပါတီဝင်အဖြစ် ဆောင်ရွက်နေသူများ၊ လူမှုအခြေပြုအဖွဲ့အစည်းများတွင် ဆောင်ရွက်နေသူများ၊ သတင်းမီဒီယာသမားများ စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About