ဓနုဒေသအတွက် လိုအပ်ချက်များကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည့်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟု DNOP လွှတ်တော်ကိုယ်စားလှယ်လောင်း ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 25, 2020

ဓနုဒေသအတွက် လိုအပ်ချက်များကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည့်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟု DNOP လွှတ်တော်ကိုယ်စားလှယ်လောင်း ပြော

ကမ္ဘောဇတိုင်း

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယခင်အစိုးရလက်ထက်များက ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက် များတွင် လိုအပ်ချက်များ ရှိနေပြီး ယင်းလိုအပ်ချက်များကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည့်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြတ်က ပြောဆိုခဲ့သည်။

.

.

“ဓနုဒေသအတွင်းမှာရှိတဲ့ ဓနုပါတီတွေက လွှတ်တော်အတွင်းမှာ ဝင်ရောက်ပြီးတော့ ပြည်နယ်ရဲ့ လိုအပ်ချက်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လိုအပ်ချက်တွေကို ဥပဒေပြုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အခန်းကဏ္ဍတွေကို ကျွန်တော်တို့က ပိုမိုပြီး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည် မိတဲ့အတွက် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” ဟု ဦးဝင်းမြတ်က ပြောသည်။

.

ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီအနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် ၂ ခုမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာနှင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ နေရာ၊ စုစုပေါင်း ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနည်းဆုံး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ အနိုင်ရရရှိရန် ရည်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အတူ ပြီးခဲ့သည့် အစိုးရ သက်တမ်း ၂ ဆက်အတွင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဆောင် ရွက်ချက်နှင့် ပတ်သက်၍လည်း ဦးဝင်းမြတ်က “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုဖို့ ပေးထားပါ လျက်နဲ့ ၂၀၁၀-၂၀၁၅ နဲ့ ၂၀၁၅-၂၀၂၀ ဒေသဦးစီး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေက ပုံမှန်ထက် မပိုဘူးလို့ ပြောလိုပါတယ်” ဟု သုံးသပ်ပြောဆိုခဲ့သည်။

.

DNOP ပါတီမှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဒေသအတွက် လိုအပ်ချက်များ ဖြစ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥပဒေ ပြဌာန်းရေး၊ ပညာရေး၊ ကျန်းမာရေးအခန်းကဏ္ဍများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူ၏ ရွေးချယ်မှုကို မခံရပါကလည်း ဓနုဒေသ၏ အကျိုး စီးပွားကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ဓနုအမျိုးသားများ အဖွဲ့ချူပ်ပါတီသည် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီအမှတ်စဉ် (၈၁) ဖြင့် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ သော်လည်း အနိုင်ရရှိခြင်းမရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About