.
ကလောမြို့၊ အထက(၂)တွင် လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၁၄၁ ဦး၏ ဓါတ်ခွဲနမူနာများကို Rapid Test Kit ဖြင့် အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းက စစ်ဆေးစဉ် သင်တန်းသား ၂ ဦးထံမှ COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ အခုတော့ သင်တန်းကို စာသင်တာ ရပ်ခိုင်းထားတယ်။ ပိုးတွေ့တဲ့ လူနာတွေ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ရွာ ပြန်တာ ဖြစ်လို့ ရွာတွေက မိသားစုတွေကို Quarantine ဝင်ခိုင်းထားပြီ။ ပိုးတွေ့တဲ့ အောင်ပန်းနဲ့ ဟဲဟိုးက ၂ ယောက်ကိုတော့ ကလောဆေးရုံက သီးခြားအဆောင်ကို ပို့လိုက်ပြီ။ ကျန်တဲ့ သင်တန်းဆရာနဲ့ သင်တန်းသားတွေ အားလုံးကို အပြင်မထွက်ရ Lockdown ပုံစံမျိုး လုပ်ထားတယ်။ ပြည်နယ်က ညွှန်ကြားလာတဲ့အတိုင်း ဆက်လက် လုပ်ဆောင်ဖို့ရှိပါ့မယ်။” ဟု ကလောဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာက ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုကလည်း “ သင်တန်းသားတွေက အိပ်ဆောင် ၄ ခုမှာ အိပ်တာ။ ကျန်တဲ့သူတွေကို စစ်တာက Negative တော့ တွေ့တယ်၊ သူ့ဘေးမှာ စာသင်တဲ့သူ၊ အိပ်တဲ့သူတွေကို စစ်ထုတ်နေတယ်။ စကား ပြောဖြစ်ခဲ့တဲ့သူတွေကလည်း စစ်နေတယ်။ ပြီးတော့ သူတို့ကို သီးသန့်အဆောင်မှာ ထားပြီး PCR စက်အကြီးနဲ့ ပြန်စစ်မှာပေါ့။ စနေ/တနင်္ဂနွေမှာ သူတို့ အိမ်ကို ပြန်ကြတာတွေ ရှိတယ်၊ မိသားစုဝင်တွေကိုလည်း Quarantine ထားပြီး PCR နဲ့ စစ်ဖို့ စီစဉ်ထားပါတယ်။” ဟု ပြောသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ အထူးရဲ သင်တန်းသား ၂ ဦးမှာ ဟဲဟိုးမြို့၊ အမှတ်(၄)ရပ်ကွက်မှ အသက် ၃၀ နှစ် အရွယ် အမျိုးသားနှင့် အောင်ပန်းမြို့၊ ပေါတုတ်ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။