တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)အား COVID-19 လူနာ များလာပါက ဆေးရုံအဖြစ် အသုံးပြုရန်နှင့် Quarantine Center အဖြစ် အသုံးပြုရန် စီစဉ်ထားရှိကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
![]() |
[Photo - Soe Nyunt Lwin] |
“ လောလောဆယ်ကတော့ Quarantine အတွက်က
အဓိကပေါ့၊ Quarantine အတွက် ပြင်ဆင်တာပေါ့၊ ဒါပေမဲ့လည်း Rapid test kit နဲ့ စစ်တာတွေက
များလာတော့ တကယ်လို့သာ Positive တွေ များလာလို့ ရှိရင်လည်း ထားလို့ရအောင်ပေါ့။
Positive ဆိုတာက ရောဂါလက္ခဏာလည်း မရှိဘူး၊ test လုပ်လို့ Positive ဖြစ်တဲ့သူတွေ များလာလို့၊
ဆေးရုံက မနိုင်ရင်တော့၊ လောလောဆယ်တော့ စဝ်စံထွန်းတို့ အမျိုးသမီးနဲ့ ကလေးဆေးရုံတို့မှာ
ထားမှာပေါ့။ အဲဒီကနေ မနိုင်တော့ဘူးဆိုရင် အဲဒီမှာ ထားဖို့ စီစဉ်တာပါ။”ဟု ရှမ်းပြည်နယ်
ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
လက်ရှိတွင် တောင်ကြီးမြို့နယ်တွင် Quarantine Center များ အလုံအလောက် ရှိနေသော်လည်း မမျှော်မှန်းနိုင်သည့် အခြေအနေများအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။
.
“Rapid test kit နဲ့ ပတ်သက်ပြီး အတိအလင်း ကြေညာထားတာလည်း ရှိပါတယ်။ Negative ပြတယ်ဆိုတာက သူ့မှာ ရောဂါ မရှိကြောင်း ပြောတာ မဟုတ်ပါဘူး၊ လောလောဆယ် စစ်တဲ့အချိန်မှာ ပိုး ကူးစက်ခံထားရခြင်း မတွေ့ဘူးဆိုပေမဲ့ အချိန်မရွေး ရောဂါ ကူးစက်နိုင်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ နောက်တစ်ခုက ဒီ test kit နဲ့ စစ်လို့ Negative ဖြစ်နေပေမဲ့လည်း လုံးဝ ပိုး မရှိဘူးလို့ ပြောလို့ မရဘူးပေါ့၊ ပိုး ရှိရက်နဲ့လည်း မရှိဘူးလို့ အဖြေ ထွက်နိုင်တဲ့ အခါမျိုးတွေ ရှိပါတယ်။ လူတစ်ဦးချင်းရဲ့ ကိုယ်ခံအားပေါ်မှာလည်း မူတည်တယ်။ ပြီးတော့ စစ်တဲ့အခါမှာ ယူတဲ့ swap ကို သေချာ သင်တန်းပေးပြီး ယူပေမဲ့လည်း တစ်ခါတလေ အပေါ်ယံပဲ ယူမိတာမျိုးတွေ၊ ဖြစ်နိုင်ခြေတွေပေါ့။ လောလောဆယ် ဒီ Negative ဖြစ်တယ်ဆိုတာက ကိုယ့်ကိုယ်ကို ဒီ ပိုး ကင်းစင်နေပြီ၊ အမြဲတမ်း ပိုး ကင်းစင်နေမယ်လို့ ယူဆလို့ မရပါဘူး။ အဲဒါကြောင့်မို့ Negative Result ထွက်ပေမယ့်လည်း COVID-19 နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာ ကျင့်သုံးရပါမယ်။”ဟု လက်ရှိ Rapid test kit ဖြင့် စစ်ဆေးစဉ် ပိုး မတွေ့သူများနှင့် ပတ်သက်သည့် အခြေအနေအား ဒေါက်တာ သူဇာချစ်တင်က ရှင်းပြသည်။
.
လက်ရှိ ရှမ်းပြည်နယ်တွင် မတ်လ ၃၀ ရက်မှ အောက်တိုဘာလ ၄ ရက်ထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၇ ဦး တွေ့ရှိထားပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၂၀ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိကာ မြန်မာတစ်နိုင်ငံလုံးတွင်မူ ပိုးတွေ့ အတည်ပြုလူနာ ၁၇၇၉၄ ဦး၊ ဆေးရုံဆင်းခွင့် ရသူ ၅၁၉၅ ဦးနှင့် သေဆုံးသူ ၄၁၂ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News #COVID19
.
[ဓါတ်ပုံ - ဝန်ကြီး ဦးစိုးညွန့်လွင်]
No comments:
Post a Comment