စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းက
ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ လာရောက်မည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ၂
စီး၏ ယာဉ်မောင်းများထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“၂ ယောက် တွေ့တာပါ။ တစ်ယောက်က ကုန်ကား၊ တစ်ယောက်က Express ကားပါ။
သူတို့က ရန်ကုန်ကနေ တောင်ကြီးကို လာကြတာ။ Contact က စုစုပေါင်း
၄ ယောက်ပါတယ်။ ယာဉ်မောင်း ဆိုပေမဲ့ အလဲအလှယ် မောင်းကြ တာဆိုတော့ မေးရင် ကားသမားလို့ပဲ
ပြောတယ်” ဟု နန့်ပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ
စောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းပိုးတွေ့လူနာ ၂ ဦးအနက် တစ်ဦးမှာ ကုန်တင်ယာဉ်မောင်းနှင်သူ အသက် ၂၅ နှစ်အရွယ်
အမျိုးသားတစ်ဦး ဖြစ်ပြီး အခြားတစ်ဦးမှာ တောင်ပြာတန်း ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ
အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ကာ ၎င်းတို့အား ကလောပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေလျက်ရှိပြီး
ထိတွေ့ခဲ့သူများကို ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်ထားကာ ၎င်းတို့၏
ဓါတ်ခွဲနမူနာများကို နိုဝင်ဘာလ ၂ ရက်တွင် တောင်ကြီးမြို့ရှိ PCR စက်ဖြင့် ဓါတ်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောင်လာသော မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့်
ယာဉ် နောက်လိုက်များအား ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးဂိတ်တွင်
Rapid Test Kit များဖြင့် COVID- 19
ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.