မင်းဇော်မင်း
.
COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ
မြန်မာနိုင်ငံ ဒေသအသီးသီးသို့ စိုက်ပျိုးရေးထွက်ကုန်များ ပို့ဆောင်သည့် ကုန်တင်ယာဉ်များတွင်
ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်ရှားပါးကာ ကားခ ဈေးနှုန်းများ တစ်ဆကျော် ဈေးတက်သွားခဲ့ကြောင်း
သိရသည်။
.
.
“ဆေးစစ်ချက် ယူရသလို လမ်းခရီးမှာ ဆက်ဆံရတာကလည်း အမျိုးမျိုးဖြစ်နေတယ်။
ပြီးတော့ ခရီးတစ်ခေါက်ကို Q ၁၄ ရက် ဝင်ရတာအပြင် ရောဂါပိုး ကူးစက်ခံရတာတွေ
ကြောက်လာပြီး မလိုက်ချင်တော့ကြလို့ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေ ရှားကုန်တယ်။ မနေ့
(အောက်တိုဘာလ ၅ ရက်) ကပဲ ကားခလည်း တစ်ဆကျော် တက်သွားတယ်” ဟု ကလောမြို့နယ် ပုဂ္ဂလိက
ယာဉ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဖိုးစီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် ယခင်က ရန်ကုန်သို့ ကုန်တင်ခ ငွေကျပ်
၆ သိန်းခန့်သာ ရှိခဲ့ရာမှ ယမန်နေ့ (အောက်တိုဘာလ ၅ ရက်) တွင် ၁၄ သိန်းကျပ်အထိ ဈေးတက်သွားခဲ့ခြင်းဖြစ်ပြီး
၆ ဘီးယာဉ်တစ်စီးလျှင် ၉ သိန်းကျပ် အထိ ဈေးပေါက်ကာ မန္တလေးသို့ ၈ သိန်းကျပ် ဈေးပေါက်ခဲ့ကြောင်း
သိရသည်။
.
ယမန်နေ့ အောက်တိုဘာလ ၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်တင်ကားအစီးရေ
၁၀၀ ကျော် ဆင်းသွားခဲ့ သော်လည်း ပြန်လာပါက Quarantine ဝင်ရောက်ရမည်ဖြစ်သဖြင့်
ယာဉ်မောင်း ရှားပါးမှု ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကားခတက်တော့ ဂေါ်ဖီစိုက်တောင်သူတွေ အတွက် ပိုပြီးခက်ခဲရတာပေါ့။
ဒီမှာတော့ ဈေးမရပေမဲ့ ရန်ကုန်ဘက် တော့ ကုန်ပြတ်မယ့်အပြင် ဈေးကြီးကုန်တာပေါ့။ ဒီဘက်က
ကုန်တင်ပေးလိုက်တယ်ဆိုပေမဲ့ ဟိုဘက်က ကုန်ဒိုင်က ဖွင့်ဦးမှလေ။ အခုက
ကုန်ဒိုင်အတော်များများပိတ်နေတာ။ လူတွေကလည်း အပြင်မထွက်ရတာများတော့ သူတို့ အဆင်ပြေအောင်
ရောင်းပေးမှ ဖြစ်မှာ။ ဒီမှာတော့ ဆောင်းဂေါ်ဖီစိုက်သူ နည်းသွားပြီ။ အရင်
ဆုံးရှုံးတာများခဲ့တော့ ကြောက်နေကြပြီ။ အရင်းအနှီး ၁၅ သိန်းလောက်ကို
မထုတ်ရဲကြတော့ဘူး” ဟု ဟဲဟိုးမြို့ ပန်းဂေါ်ဖီ စိုက်ပျိုးရေး အသင်း ဥက္ကဋ္ဌ
ဦးစိုးဝင်း က ပြောသည်။
.
ရန်ကုန်တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် အနည်းဆုံး ၁၅၀၀ ကျပ် ပေါက်ဈေးရှိပြီး
ဈေးကွက်အတွင်း ပြတ်လပ်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ သစ်သီးဝလံ၊ ပန်းမန်နှင့် စိုက်ပျိုးရေးအသင်းမှ
ဒေါ်စန္ဒာမျိုးထံက သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်လာသည့် ကား၊ ဆိုင်ကယ်နှင့်
လူများကို အောက်တိုဘာ ၆ ရက်မှ စတင်၍ ကျန်းမာရေးထောက်ခံစာပါမှသာ
ဝင်ရောက်ခွင့်ပြုနေပြီး အဓိကအားဖြင့် ကုန်တင်ကားကြီးများတွင် ရှမ်းပြည်နယ်မှ ကားဖြစ်ပြီး
ကျန်းမာရေးထောက်ခံချက်ပါလျှင် သက်ဆိုင်ရာဒေသသို့ဆက်သွယ်ကာ Quarantine ဝင်ရောက်ခွင့်
ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု နန့်ပန်တက် COVID-19 ရောဂါ စစ်ဆေးရေးဂိတ်တာဝန်ကျ ဝက်ဖြူရေ ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမောင်ဝင်းကဆိုသည်။
.
“တခြားက ကား၊ လူ၊ ဆိုင်ကယ်တွေတော့
ကျန်းမာရေးထောက်ခံချက်မပါရင် လုံးဝပေးမဝင်ဘူး။ နောက်ပြန်လှည့် ခိုင်းတယ်။ အခုက
ရှမ်း-မန္တလေးနယ်စပ်မှာ ဂိတ်ဖွင့်လိုက်တော့ နန့်ပန်တက်၊ ရေယား၊ မကွေ၊ ဝက်ဖြူရေ၊
ရေယောင်းမ ရွာ ၅ ရွာတော့ ရောဂါကိုကြောက်နေရတာ လွတ်လပ်သွားတယ်။ ရေယားမှာတုန်းက
ကားတွေ လာရပ်ထားတော့ ကြောက်နေကြတာ အခုတော့ ကောင်းသွားပြီ။ ကားသမားတွေလည်း မနေ့ (အောက်တိုဘာ
၅ ရက်) က ထောက်ခံချက်ပါလျက်နဲ့ မဝင်ရလို့ ဆန္ဒပြမလိုဖြစ်လို့ ရဲတပ်ဖွဲ့ဝင်တွေ
အများကြီး အင်အားဖြည့်လာတယ်။ ခုတော့ ဝင်ခွင့်ရသွားလို့ အဆင်ပြေသွားပါပြီ” ဟု ဦးမောင်ဝင်းက
ပြောသည်။
.
ယမန်နေ့ အောက်တိုဘာလ ၅ ရက်က မည်သည့်ထောက်ခံချက် ပါသည်ဖြစ်စေ
ရှမ်းပြည်နယ်အတွင်းသို့ ဝင်ခွင့်မပြုခဲ့ သော်လည်း ယနေ့ အောက်တိုဘာလ ၆ ရက်တွင် ကျန်းမာရေး
ထောက်ခံချက် ပါသူများအားလုံးကို Quarantine ဝင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး
ရှမ်းပြည်နယ်အတွင်းသို့ အဝင် ကားစီးရေလည်း နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment