စုလှိုင်
.
တောင်ကြီးမြို့ပေါ် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသော်လည်း
COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ နှစ်စဉ် ပုံမှန်ဈေးတက်နေကျအချိန်
ဖြစ်သဖြင့် ဆန်ဈေး အနည်းငယ် တက်ခြင်းသာဖြစ်သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း ဆန်စပါးလုပ်ငန်းရှင်များအသင်း
ထံက သိရသည်။
.
.
“ဒီလတွေက ဆန်အဟောင်း ကုန်ပြီး အသစ်ထွက်တော့မယ်။ ဖြစ်ရိုးဖြစ်စဉ်
ဆန်ဈေး နည်းနည်းတက်တာပါ။ ကားခ တက်တာကြောင့်လည်း နည်းနည်းတော့ ပါတာပေါ့။ လမ်းခရီးမှာ
ကြန့်ကြာတာကြောင့် နည်းနည်း ဈေးတင်တဲ့ သဘောမျိုးပါ။ COVID-19 နဲ့တော့ မဆိုင်ပါဘူး။
၁၂ လပိုင်း လောက်ဆိုရင် ပြန်ကျသွားမှာပါ” ဟု ရှမ်းပြည်နယ် တောင်ပိုင်း ဆန်စပါးလုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌ၊ ကောင်းတိုင်းကျော် ဆန်ပွဲရုံမှ ဦးဝင်းမောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အပြင် လက်ရှိအချိန်သည် ပြောင်းသီးနှံ ထွက်ချိန် ဖြစ်သဖြင့်
ကုန်ကားများ အဆင်းကုန်ရရှိပါက ကားခဈေး အနည်းငယ် ပြန်လည်ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ရှိ ဆန်စပါးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင်
ယခင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ လည်းကောင်း၊ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၄၆၀၀၀
ကျပ်မှ ၄၈၀၀၀ ကျပ်အထိလည်းကောင်း ဈေးမြင့်တက် သွားခြင်းဖြစ်ပြီး အခြား ဆန်ကြမ်းများမှာ
ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့၊ ရွှေကလောင်ဆန်ဆိုင်မှ ဦးတင်ထွန်းအောင်
ကလည်း “ဆန်ကြမ်းကတော့ လုံးဝ တက်စရာ မရှိဘူး။ ဆန်ချောကတော့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း နည်းနည်း
တက်တာပေါ့။ ဆန်အသစ်ပြန်ပေါ်လာရင် ငြိမ်တယ်။ COVID-19 ကြောင့် ဆန်ဈေး ခုန်တက်သွားတာမျိုး
မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကလည်း
ရှမ်းပြည်နယ်အတွင်း ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရေးနှင့် လျှင်မြန်ချောမွေ့စေရေးအတွက်
COVID-19 ကာလအတွင်း ခရီးသည် တင်ဆောင် ပြေးဆွဲခြင်း မရှိဘဲ ကုန်စည်သယ်ယူ ပို့ဆောင်လျက်
ရှိသော တင်အား ၁၇ ဦးနှင့်အထက် ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်ပို့ဆောင်မှုကို ခွင့်ပြုကြောင်း
ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
No comments:
Post a Comment