COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၂၅၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၆ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၇၆ ခုအနက် ခိုလမ်မြို့၊ နမ့်မောင်းကျေးရွာမှ အမျိုးသား ၂ ဦးတွင် ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
" ၂ ယောက်ထဲက ၁ ယောက်က လှည်းကူးထောင်ကလွတ်တာ၊ နောက်တစ်ယောက်က သာယာဝတီထောင်က လွတ်တာ၊ ၁ ရက်နေ့က ၂ ယောက်လုံး လွတ်တာ။ ၁ ယောက်က မိုးကောင်းကင် ယာဥ်လိုင်းနဲ့ ပါလာပြီး ဘယ်မှ မသွားဘဲ quarantine ထဲ တန်းဝင်တာ။ နောက် ၁ ယောက်ကတော့ ကုန်တင်ယာဥ်နဲ့ လမ်းကြုံ လိုက်လာတယ်။ လွိုင်လင်မှာ ဆင်းတယ်။ နမ့်စန်ကို လမ်းလျှောက်လာတယ်၊ သူနေတဲ့ နမ့်မောင်းရွာကို ဆိုင်ကယ် ကယ်ရီ ငှား သွားတယ်။ ရွာမှာ ရပ်ရွာ လူကြီးတွေနဲ့ စကား ပြောခဲ့တာတွေ ရှိတယ်။ ပြီးမှ အုပ်ချုပ်ရေးမှူးတွေက Quarantine ဝင်ဖို့ ပြောမှ ခိုလမ်ဆေးရုံကို ရောက်သွားတာ။ သူကတော့ နည်းနည်း contact ရှိသွားတာပေါ့။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာများနှင့် ထိတွေ့မှုရှိသည့် အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာ ဇဝနကိုက " မိုးကောင်းကင်ယာဥ်လိုင်းနဲ့ ပြန်လာသူက ကားပေါ်မှာ ထိတွေ့သူ ဆီဆိုင်မြို့နယ်က ၁ ယောက်ရှိတယ်။ ရောက်ကတည်းက Quarantine ဝင်တယ်၊ မနက်ဖြန် swap ယူမယ်။ ကားသမားတွေကတော့ ရန်ကုန်ကို ပြန်ရောက်သွားလို့ အကြောင်းကြားထားပြီ။ နောက်တစ်ယောက်ကတော့ နမ့်မောင်းရွာက contact တွေကတော့ ၂ ယောက်လောက် ရှိမယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ သူ ငှား စီးခဲ့တဲ့ ကယ်ရီသမားတွေကို Quarantine ထားပြီးပြီ။ swap ယူပြီး စစ်မှာပေါ့။" ဟု ဆက်လက်၍ ပြောကြားသည်။
.
ယင်း လူနာများအား တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေပြီ ဖြစ်ကာ လူနာများနှင့် ထိတွေ့မှု ရှိသူများကိုလည်း သက်ဆိုင်ရာနေရာများ၌ အသွားအလာ ကန့်သတ်ထားရှိ၍ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၀၀၃၃ ဦး ရှိကာ၊ ယင်းအနက် ၄၇၀ ဦး သေဆုံး၍ ၅၇၈၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment