COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၄၆၁ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၉ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၂၁၄ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၂ ဦးတွင် ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
ယင်းလူနာမှာ ရွာငံမြို့နှင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်၊ တွေ့ပူးတောရကျေးရွာတို့မှ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။
" ရွာငံကတော့ ရန်ကုန်က ပြန်လာတာ၊ ပြန်လာတာနဲ့ Quarantine တန်း ဝင်တာဆိုတော့ contact မရှိဘူး။ သူနဲ့ ပြန်လာသူတွေလည်း Quarantine ထဲ ရောက်နေပြီ။ ဆိုက်ခေါင် (တွေ့ပူးတောရ)ကတော့ သူ့ရွာကို ၈ လပိုင်းကုန် ကတည်းက ရောက်တာ၊ Quarantine မဝင်ရသေးဘူး။ ၁၀ လပိုင်း ၄ ရက်နေ့မှ ကျန်းမာရေးဆရာမက သိလို့ Quarantine ထဲ ထည့်လိုက်ပြီး စစ်လိုက်တော့ အခု positive ဖြစ်နေတာ။ သူ့ရွာမှာ တစ်လလောက် ရှိနေလို့ contact ရှိတော့ ရွာက အိမ်တွေ အကုန်လုံးကို ၁၄ ရက် stay home လုပ်ထားပါတယ်။ တအား နီးကပ်သူတွေကိုတော့ Quarantine ထားပြီး swap စစ်မှာပေါ့။"ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၃၉၀၆ ဦး ရှိကာ၊ ယင်းအနက် ၅၆၆ ဦး သေဆုံး၍ ၆၇၃၈ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။