COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၈၈၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၁၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၅၆ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၂ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
ယင်း လူနာများမှာ ပင်လောင်းမြို့နယ်၊ အမက(ကုန်းချိုင်း)၌ အသွားအလာ ကန့်သတ်ထားသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးနှင့် ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာမှ အသွားအလာ ကန့်သတ်ထားသည့် အသက် ၁၉ နှစ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
" ၂ ယောက်လုံးက Quarantine မှာပဲ နေတဲ့သူတွေပါ။ ပင်လောင်း တစ်ယောက်က ရန်ကုန် စက်မှုဇုန်မှာ အလုပ် လုပ်ခဲ့တာ၊ အလုပ် အတူ လုပ်ခဲ့တဲ့ စက်မှုဇုန်က သူ့ သူငယ်ချင်းတွေမှာလည်း Positive တွေ့ခဲ့တာ ရှိတယ်။ အဲဒီကနေ ပြန်လာကတည်းက ပင်လောင်းမြို့နယ်က ရွာတစ်ရွာက သီးခြားအိမ်မှာ Quarantine ထားပြီး စစ်လိုက်တော့ Positive တွေ့တာပါ။ ပင်းတယ တစ်ယောက်က ယာဥ်နောက်လိုက်၊ ထောက်ကြန့်ကနေ လာတယ်၊ နေပြည်တော် ရောက်တော့ test kit နဲ့ စစ်တော့ သူနဲ့အတူလာတဲ့ ကားဆရာက Positive ထွက်တော့ နေခဲ့တယ်၊ သူက Negative ဖြစ်လို့ တခြားကားနဲ့ ဆက်ထွက်လာတယ်။ ပင်းတယမြို့နယ်၊ ပွေးလှကို ရောက်ပြီး Positive ဖြစ်နိုင်ခြေရှိလို့ Quarantine ထားပြီး စစ်လိုက်တော့ Positive ထွက်တာ။ contact တော့ မရှိဘူး၊ သေချာအောင်လို့ မိသားစုဝင်တွေကို စစ်သွားပါမယ်။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၁၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၁၃၂၅ ဦး ရှိကာ၊ ယင်းအနက် ၇၃၂ ဦး သေဆုံး၍ ၁၃၈၆၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment