မိုင်းတုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 15, 2020

မိုင်းတုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိ

မင်းဇော်မင်း

.

မိုင်းတုံမြို့နယ်ရှိ Quarantine ဝင်ရောက်နေသူ ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးအား အောက်တိုဘာလ ၁၄ ရက်၊ ညနေပိုင်းက Rapid Test Kit ဖြင့် စစ်ဆေးရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.


.

အဆိုပါ အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် ကိုယ်လက် ညောင်းညာခြင်း၊ အရသာပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာသဖြင့် စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သူက SWAB ယူဖို့ COVID-19 ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့ပြီး ဆီးချို၊ သွေးချိုရောဂါ အခံရှိတဲ့သူ ဖြစ်တဲ့အတွက် ကျိုင်းတုံဆေးရုံကြီးက COVID-19 လူနာ အထူးကုသဆောင်ကို ပြောင်း‌ရွှေ့ကုသပေးမှာဖြစ်ပါတယ်” ဟု မိုင်းတုံပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မိုင်းတုံမြို့အဝင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က တောင်ကြီးမှ ပြန်လာသည့် ယာဉ်မောင်းတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ယင်းလူနာအား SWAB ရယူခဲ့သူ ကျန်းမာရေးဝန်ထမ်းတွင် ရောဂါပိုး ထပ်မံ တွေ့ရှိသဖြင့် မိုင်းတုံမြို့နယ်တွင် COVID-19 ရောဂါပိုး တွေ့ရှိသူ ၂ ဦး ရှိလာပြီဖြစ်ကာ ယင်း ကျန်းမာရေးဝန်ထမ်း အမျိုးသားကို ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

အောက်တိုဘာလ ၁၂ ရက်က COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ ယာဉ်မောင်းနှင့် ဆက်စပ်၍ ၎င်းအား စစ်ဆေးခဲ့သူများ၊ ၎င်း၏ မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား စစ်ဆေးခဲ့သူ စစ်ဆေးရေးဂိတ်တာဝန်ကျ ဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၄ ဦးတို့အား Quarantine ထားရှိထားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာ ယာဉ်မောင်းနှင့် အောက်တိုဘာလ ၇ ရက်က မိုင်းဆတ်မြို့တွင် ထိတွေ့ခဲ့သူ အလုပ်သမား တစ်ဦး၌လည်း COVID-19 ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ၎င်းနှင့် ဆက်စပ်သူ ၆၀ ဦးခန့်ကို စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About