စောဦး(ရတနာမြေ)
.
နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တစ်ခုကို ၂၀၀ ကျပ်နှုန်း ခုဝယ်/ခုတပ် ရောင်းချ၍ ကြပ်မတ် ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းက နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် (၆) အားကစားကွင်းရှိ ယာယီပျံကျဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
ဒေသခံ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်တိုင်း Mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား အသိပညာပေး ဆော်ဩ ဆောင်ရွက်ကာ Mask မတပ်ဆင်လာသော ဒေသခံပြည်သူ ၂၀ ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေပြီး Mask တစ်ခုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်/ခုတပ် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
.
ထို့အတူ နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် Mask မတပ်ဆင်လာသော ဒေသခံပြည်သူ ၂၀၀ ဦးခန့်အား Mask တစ်ခုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်/ခုတပ် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment