တရားမဝင် COVID-19 Vaccine ဆေးများ ရောင်းဝယ်မှု မရှိစေရေး တားမြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရားမဝင် COVID-19 Vaccine ဆေးများ ရောင်းဝယ်မှု မရှိစေရေး တားမြစ်နေ

မင်းဇော်မင်း

.

မြန်မာနိုင်ငံအတွင်း၌ တရားမဝင် COVID-19 Vaccine များ စျေးကွက် ရှာဖွေလျက်ရှိနေသဖြင့် အဆိုပါ ဆေးများ တရားမဝင် ရောင်းဝယ်မှု မရှိစေရေးအတွက် တားဆီးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.


 

 “ WHO က အသိအမှတ် ပြုမှသာ တရားဝင်မှာ ဖြစ်သလို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အသိအမှတ်ပြုမှသာ တရားဝင်ပါတယ်။ စျေးကွက်အတွင်း မရောက်အောင်၊ အထူးသဖြင့် တရုတ် ဝင်ပေါက်ဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော် တို့ကို ဒီလို ဆေးတွေ မဝင်နိုင်အောင် အထူးသတိပြု လုပ်ဆောင်နေပါတယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်အစိုးရသို့ လှူဒါန်းထားသည့် Test kit (တရုတ်နိုင်ငံထုတ်) များ ရှိသော်လည်း WHO က အသိအမှတ် ပြုထားခြင်း မရှိ၍ အသုံးမပြုကြောင်းနှင့် အများပြည်သူအနေဖြင့် စျေးကွက်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဆေးဝါးများ ရောက်ရှိလာပါကလည်း သုံးစွဲခြင်း မပြုကြရန် တိုက်တွန်းလိုကြောင်း ပြည်နယ်ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

.

ယင်း တရားမဝင် COVID-19 Vaccine များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်စိုးမင်းအား ဆက်သွယ် မေးမြန်းရာတွင် “ တစ်လကို ၂ ကြိမ်လောက် စျေးကွက် စုံစမ်းဖော်ထုတ်ခြင်း လုပ်ပါတယ်။ ဒီ ဆေးတွေက လောလောဆယ်တော့ အွန်လိုင်းမှာ စျေးကွက် ရှာနေတယ်လို့ သိရတယ်။ အများပြည်သူအနေနဲ့ အွန်လိုင်း လိပ်စာအရ ဖြစ်စေ၊ ရောင်းချတာ ဖြစ်စေ တွေ့ရှိရင် ဌာနကို တိုင်ကြားနိုင်ပါတယ်။ တရားမဝင်ဆေးဝါးတွေက အန္တရာယ် ဖြစ်နိုင်တာရယ်၊ ငွေကုန်ကြေးကျ များတာရယ်ကြောင့် အများပြည်သူ မထိခိုက်အောင် ဌာနအနေနဲ့ဆောင်ရွက်နေပါတယ်။” ဟု ပြောသည်။

.

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနတွင် မှတ်ပုံတင်ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးမှသာ တရားဝင် ဆေးဝါး အဖြစ် သတ်မှတ်နိုင်မည် ဖြစ်ကာ ယခုချိန်အထိ COVID-19 Vaccine နှင့် ပတ်သက်၍ မှတ်ပုံတင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

.

လူမှုကွန်ရက် (Facebook) တွင် ပျံ့နှံ့နေသည့် သတင်းများတွင် တောင်ကိုးရီယားမှ လာသည့် COVID-19 V Test Kit တစ်ခုလျှင် ကျပ်၂၀၀၀၀ နှင့် ရောင်းချလာနေသည်ကို တွေ့ရပြီး အဆိုပါ စက်များမှာ တောင်ကိုးရီးယားမှ စက်များ မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် FDA မှ အသိအမှတ် မပြုသည့် စက်များ ဖြစ်ကာ ကာကွယ်ဆေး အနေဖြင့်လည်း COVID-19 Vaccine ဟု ကြော်ငြာကာ တစ်ခုလျှင် ငွေကျပ် ၁ သိန်းမှ ၄ သိန်းခန့်အထိ စျေးရှိနေကြောင်း၊ ယင်း ဆေးများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် မြန်မာနိုင်ငံမှ အသိအမှတ် မပြုထားဘဲ သုံးစွဲမိပါက အန္တရာယ် ဖြစ်စေနိုင်သဖြင့် အထူး သတိပြုကြရန်နှင့် ယင်းဆေးများ ရောင်းချသည်ကို တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ တိုင်ကြားရန် တိုက်တွန်းနှိုးဆော်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats