မင်းဇော်မင်း
.
ကမ္ဘာ့ကပ်ရောဂါ COVID-19 အတွက် ကုသဆေး Remdesivir
(ရက်ဒက်ဆီဗီးယား) သည် မည်သည့်ထိရောက် မှုမျှ မရှိဟု WHO က ဆိုကြောင်း အောက်တိုဘာ ၁၆ ရက် က Tass သတင်းဌာနတွင်
ဖော်ပြပါရှိသည်။
.
ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှ လူနာ စုစုပေါင်း ၁၁၂၆၆ ဦးကို
စမ်းသပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု သတင်းကဖော်ပြထားသည်။
.
အဆိုပါ စမ်းသပ်မှုတွင် Remdesivir ဆေးကို လူပေါင်း ၂၇၅၀
ဦးတွင်လည်းကောင်း၊ Hydroxychloroquine ဆေးကို ၉၅၄
ဦးတွင်လည်းကောင်း၊ lopinavir ဆေးကို ၁၄၁၁ ဦးတွင်လည်းကောင်း၊ interferon
ကို ၁၄၁၂ ဦးတွင် လည်းကောင်း အခြားအာနိသင်မဲ့ဆေး placebo ကို ၄၀၈၈ ဦးတွင်လည်းကောင်း ထိုးနှံပေးခဲ့ရာ ယင်းဆေးများသည် COVID-19 ရောဂါဖြင့်ဆေးရုံ တက်ရောက် ကုသနေသည့် လူနာများတွင်
အကျိုးကျေးဇူးနည်းနည်းမျှ မတွေ့ရဟု WHO က ဆိုသည်။
.
ယင်းဆေးများအနက် Hydroxychloroquine၊ lopinavir
နှင့် ritonavir များမှာ အကျိုးမရှိသည်ကို
တွေ့ရသဖြင့် ပြီးခဲ့သည့် ဇွန်လကတည်းက အသုံးပြုခြင်း မရှိတော့ကြောင်း သိရသည်။
.
Remdesivir (ရက်ဒက်ဆီဗီးယား) ဆေးထုတ်လုပ်သည့် Gilead ကုမ္ပဏီကမူ ၎င်းဆေးဖြင့် ကုသရာတွင် အနည်းဆုံး ဆေးရုံတက်ရက် ၅ ရက် ခန့်
ကျဆင်းသွားကြောင်း လူနာ ၁၀၆၂ ဦးကို စမ်းသပ်သည့် သုတေသန အထောက်အထား ဖြင့် ထုတ်ဖော်ပြောဆိုထားပြီး
WHO ၏ သုတေသန စမ်းသပ်မှုများတွင် လိုအပ်ချက်များ ရှိနိုင်ကာ သိပ္ပံနည်းကျ
ဆွေးနွေးမှုများ လိုအပ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။
.
WHO အနေဖြင့် monoclonal antibodies ကုထုံးများနှင့်
immunomodulators ကိုယ်ခံအားထိန်းညှိသည့်ဆေးများ အပါအ၀င်
ပြီးခဲ့သည့် လပိုင်းက အသစ်ထွက်ရှိလာသည့် anti-vial
ဆေးများကို ဆက်လက်လေ့လာသွားမည်ဟု သိရသည်။
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် COVID-19 ရောဂါဖြစ်ပွားစဉ်က အဆိုပါ
Remdesivir ဆေးကို ၅ ရက် ဆက်တိုက်ထိုးပေးခဲ့ကြောင်း သတင်းများတွင်
ဖော်ပြထားပြီး မြန်မာနိုင်ငံအနေဖြင့်လည်း Remdesivir (ရက်ဒက်ဆီဗီးယား)
ဆေး ၂ သန်းကို အိန္ဒိယမှမှာ ယူထားကြောင်း သိရသည်။
.
No comments:
Post a Comment