COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၄၀၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၂၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၄၅ ခုအနက် ၇ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ အောင်ပန်းမြို့၊ ရွာငံ(မြို့ကြီး)၊ ကလော၊ ဆီဆိုင် (ဘန်းယဥ်)၊ ရပ်စောက်၊ အေးသာယာနှင့် ဟဲဟိုးမြို့တို့မှ ဖြစ်ကြောင်း သိရသည်။
.
" ကလောနဲ့ အောင်ပန်းက ၂ ယောက်က ရန်ကုန်က ပြန်ပြီး Quarantine ဝင်နေသူတွေပါ။ ရွာငံကတော့ RDT နဲ့ စစ်တုန်းက Negative ဖြစ်တာကို PCR စက်ကြီးနဲ့ စစ်လိုက်တော့ Positive ဖြစ်တာ။ ဆီဆိုင်(ဘန်းယဥ်) တစ်ယောက်ကတော့ ရဟန်းပါ၊ ရန်ကုန်က လာတာ၊ ကျောင်းကို ရောက်တော့ စစ်လိုက်တာ Positive ထွက်တာ။ ကားဆရာနဲ့ ဘုန်းကြီး တစ်ပါးတော့ contact ရှိတယ်။ ရပ်စောက် ၁ ယောက်က ကားသမားပဲ ပြန်ရောက်တော့ Quarantine ဝင်နေတဲ့သူပဲ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ " အေးသာယာ ၁ ယောက်က မူဆယ် - တောင်ကြီး ကား ပြေးဆွဲနေတဲ့သူ၊ ၂၂ ရက်မှာ မူဆယ်ကနေ တောင်ကြီးကို ပြန်ရောက်တယ်။ ရောက်လာတော့ အနံ့ ပျောက်နေလို့ Quarantine ထည့်ပြီး စစ်လိုက်တော့ Postive ထွက်တာ။ သူနဲ့ ထိတွေ့တဲ့ကားသမားတွေက ရှမ်းမြောက်ကို သွားနေတာ အခုလားရှိုးကနေ ထွက်လာပြီ။ ဒီရောက်တာနဲ့ Quarantine ထည့်မယ်။ တောင်ကြီးမှာ သူ ဝင်/ထွက်နေတဲ့ ဂိတ်ကိုတော့ အသွားအလာ ကန့်သတ်လိုက်တယ်။" ဟု ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ထို့အပြင် ဟဲဟိုးမြို့မှ လူနာမှာ ယခင် ရန်ကုန်မြို့၌ ပိုးတွေ့လူနာအဖြစ် သတ်မှတ်ခံရသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ကာ ရန်ကုန်က ပြန်လာသူ ဖြစ်ခြင်းကြောင့် ထပ်မံ စစ်ဆေးစဥ် ပိုးတွေ့ ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၂၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၉၀၇၂ ဦး ရှိကာ၊ ယင်းအနက် ၁၁၇၂ ဦး သေဆုံး၍ ၂၈၆၃၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။