COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၃၀၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၅၁ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
ယင်းလူနာမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့ရှိ အထက ကျောင်း၌ အသွားအလာ ကန့်သတ်ထားသည့် အသက် ၂ နှစ်အရွယ် ကလေး တစ်ဦး ဖြစ်ကြောင်း သိရသည်။
.
" ရန်ကုန်ကနေ လာတာ၊ ရောက်ရောက်ချင်း Quarantine ထည့်ထားတယ်။ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ သူ့မိသားစု ၃ ယောက်ကို သီးသန့် ထား ထားတယ်။ ကားတစ်စီးတည်း အတူ လာတဲ့သူတွေကိုလည်း Quarantine ထား ထားပါတယ်။" ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၈၅၀၂ ဦး ရှိကာ၊ ယင်းအနက် ၉၄၅ ဦး သေဆုံး၍ ၁၈၁၄၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။