မင်းဇော်မင်း
.
မူဆယ်မြို့နယ်ရှိ နောင်ဟင်ကူးတို့ဆိပ်တွင် ကား တစ်စီး အရှိန် မထိန်းနိုင်ဘဲ ရွှေလီမြစ်အတွင်းသို့ အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၉ နာရီခန့်က ထိုးကျသွားရာ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၁ ဦး ကားနှင့်အတူ ပါသွားသဖြင့် လိုက်ပါ ဆယ်ယူနေကြောင်း သိရသည်။
.
“ ဇက်က ဟိုဘက်မှာ လာနေတုန်း ရှိသေးတယ်။ ကားတန်းထဲက မောင်းထွက်လာရာက အရှိန် လွန်ပြီး မြစ်ထဲ ထိုးကျသွားတာ။ ပါသွားတုန်းက ၇ ယောက်၊ ယာဉ်မောင်းနဲ့ အမျိုးသမီး ၂ ယောက်က ရေကူးပြီး ထွက်လာနိုင်တယ်။ ကျန်တာကတော့ အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် တစ်ယောက်လို့ သိရတယ်။ ကားက swift ၃ တန်းကား ဆိုတော့ နောက်ခုံက လူတွေ မထွက်နိုင်တာလို့ သိရတယ်။” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောသည်။
.
မူဆယ်မြို့ SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး လက်ရှိတွင် ကားကို ပြန်လည် ဆယ်ယူနေပြီ ဖြစ်ကြောင်း စိုင်းကျော်သိန်းထံမှ သိရသည်။
.
ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ မူဆယ်ဂရုဏာလူမှုရေးအသင်းမှ ဦးသောင်းထွန်းအား ဆက်သွယ် မေးမြန်းရာတွင် “ ဆယ်နေဆဲပဲ၊ ၃ ဦးတော့ ရေကူးပြီး လွတ်လာတယ်၊ ၄ ယောက်ကတော့ ဆယ် မရသေးဘူး။” ဟု ပြောသည်။
.
ကားအတွင်း ပိတ်မိနေသူ ၄ ဦးမှာ မူဆယ်မြို့၊ တောင်ရပ်ကွက်မှ ၃ ဦးနှင့် နမ္မတူမြို့မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။