ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ အဖြစ် တတိယအကြိမ် ထပ်မံ
တာဝန်ထမ်းဆောင်ရန်မှာ အားလုံး၏ ရွေးချယ်မှု အပေါ်တွင် မူတည်ကြောင်း
ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးခွန်စံလွင်က ပြောဆိုခဲ့သည်။
.
.
ဦးခွန်စံလွင်သည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများက အဆိုပါ
မဲဆန္ဒနယ်မှပင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌအဖြစ် ၂ ကြိမ်ဆက် တာဝန်
ထမ်းဆောင်နေသူ ဖြစ်သည်။
.
“ဥက္ကဋ္ဌအဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆိုတာကတော့ အားလုံးရဲ့
ရွေးချယ်မှုအပေါ်မှာ မူတည် တာပေါ့။ ရွေးကောက်ပွဲ နိုင်တဲ့ အပေါ်မှာလည်း မူတည်တယ်။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ
မူတည်တာပေါ့။ နောက်ကို လက်ဆင့်ကမ်း ပေးသင့်တာလည်း ပေးရမှာပေါ” ဟု ဦးခွန်စံလွင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
PNO
အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သက်တမ်း ၂
ကြိမ်ဆက်တိုက် ဦးဆောင်မှု ပြုခဲ့ရာ၌ အတတ်နိုင်ဆုံး အကောင်းဆုံး
ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် တိုင်းပြည်၏ အနေအထားအရ လိုချင်သလောက် အပြည့်အဝ
မရရှိနိုင်သေးကြောင်း၊ ဘတ်ဂျက် ရရှိရေး၊ အစိုးရ/ပြည်သူ ပူးပေါင်းဆောင်ရွက်ရေး၊
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို
အတတ်နိုင်ဆုံးနည်းဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်
ပြောဆိုခဲ့သည်။
.
“မဲဆန္ဒရှင် ပြည်သူတွေကို ဒီ ၂၀၂၀ မှာ ကျွန်တော်တို့ ပါတီကို ဆက်ပြီးတော့
မဲပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက
အနိုင်ရဖို့ ယုံကြည်ထားတယ်။ မျှော်လည်း မျှော်လင့်တယ်။ ပြည်သူလူထုကလည်း
နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ကို ပေးမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးခွန်စံလွင်က
ပြောသည်။
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ ခုနှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆
နေရာဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရာနှုန်းပြည့် မဲအနိုင်
ရရှိထားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ မြို့နယ် အပါအဝင် ရှမ်းပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ
မဲဆန္ဒနယ် များတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
.