မင်းဇော်မင်း
.
ဆန္ဒမဲလက်မှတ်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် ဖော်ပြရာ၌
မပြည့်စုံမှုများ ရှိနေသဖြင့် မဲ ဆန္ဒရှင်များသာမက လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုယ်တိုင် သတိပြုရန်လိုအပ်ကြောင်း နေပြည် တော်ကောင်စီ အဖွဲ့ဝင် ဦးမင်းသူက ပြောဆိုခဲ့သည်။
.
.
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကြိုတင်ဆန္ဒမဲပေးရာ၌ မိုးကုတ်မြို့နယ်မှ
ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံကျော်
(ခ) ဦးအောင်နိုင်၏ အမည်နေရာတွင် ဦးအောင်နိုင် တစ်ခုတည်းသာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းထံက သိရသည်။
.
“သမီးက သူ့ဦးလေနာမည်ကိုရှာတာ မတွေ့ဘူး။ ဒါကြောင့် ပါတီတံဆိပ်ကိုပဲကြည့်ပြီး
တံဆိပ်တုံး နှိပ်ခဲ့ရတယ်လို့ ပြောလာတယ်။ ကိုနိုင်ငံကျော်က မဲစာရင်းမှာကော၊ လွှတ်တော်ကိုယ်စားလှယ်လောင်း
လျှောက်လွှာမှာပါ နာမည် ၂ မျိုး ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဖြုတ်ပစ်ဖို့ မသင့်ပါဘူး။
ကိုနိုင်ငံကျော် နာမည်က ၂၀၁၅ မှာတုန်းက ဆန္ဒမဲ လက်မှတ်မှာ ၂ မျိုးလုံးပါတယ်။ အခု ၂၀၂၀
ကျမှ ဖြစ်တာပါ” ဟု ဦးမင်းသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယင်းကဲ့သို့ကိစ္စရပ်မျိုး ရှိနေပါက
ပြန်လည်ပြင်ဆင်သင့်ပြီး နာမည် ၂ မျိုးရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း
မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် အမည် ၂ ခုလုံးကို ရှင်းပြ မိတ်ဆက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
မိုးကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြေညာထားသည့်
အမည်စာရင်းတွင် ဦးအောင်နိုင် (ခ) ဦးနိုင်ငံကျော် ဟု အမည် ၂ ခု ဖော်ပြထား သောလည်း ပြည်ပ
ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ဦးအောင်နိုင်ဟု အမည် တစ်ခုသာ ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဇော်နိုင်
(ခ) ဦးစိုင်းပေါ ကလည်း “ကျွန်တော် ဦးစိုင်းပေါဆိုတာ အမည်အရင်းပေမဲ့ လူမသိဘူး။ နေဇော်နိုင်ဆိုတာ
အများသိတဲ့ နာမည်။ စည်းရုံးရေးဆင်းရာမှာ အမည် ၂ ခုလုံးကိုပြောရသလို မဲထည့်မယ်ဆိုရင်
ပါတီတံဆိပ်နေရာကိုကြည့်ပြီး တံဆိပ်တုံးနှိပ်ဖို့ ဟောပြောနေရတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အမည် ၂ မျိုး ရှိသူများ၊ မှတ်ပုံတင်ပါအမည်နှင့် ကွဲလွဲချက်ရှိသည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများ သည် တရားရုံးတွင် အမည်မှန်နှင့် အခြားအမည် မှန်ကန်ကြောင်းကျမ်းကျိန်လွှာကို
သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ လျှောက်လွှာနှင့်အတူ တင်သွင်းခဲ့ရခြင်းဖြစ်သည်ဟု
သိရသည်။
.
No comments:
Post a Comment