ကျောက်မဲမြို့တွင် အောက်တိုဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းက မူးယစ်တရားခံပြေး၏ နေအိမ်အား ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးစဥ် ဓား၊သေနတ်တို့ဖြင့် ပြန်လည်ခုခံ ရန်ပြုသူ ၂ ဦးကိုအသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်၊နယ်မြေ(၁၁)တွင် နေထိုင်သည့် တရားခံပြေး ဦးကွမ်းဖုန်းသည် ၎င်း၏ နေအိမ်တွင် ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နေအိမ်တွင်း ဝင်ရောက် စစ်ဆေးရန် သွားရောက်စဉ် ဦးကွမ်းဖုန်းမှ ဓါးမဖြင့် စရတ တပ်ဖွဲ့ဝင် တစ်ဦးအား ဝင်ရောက်ခုတ်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင်၏ ဦးခေါင်းတွင် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
တစ်ဆက်တည်းမှာပင် ၎င်းက စရတ တပ်ဖွဲ့ဝင်၏ လက်တွင်းမှ သေနတ်အား လုယူနေချိန် ၎င်းနေအိမ်တွင်း ရောက်ရှိနေသော ကျော်မင်းဆိုသူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်မည်ပြုစဉ် စရတတပ်ဖွဲ့ဝင်မှ ၎င်း ကိုင်ဆောင်ထားသော MA-11 သေနတ်ဖြင့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ဦးကွမ်းဖုန်းနှင့် ကျော်မင်းတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ဦးကွမ်းဖုန်း၏ နေအိမ်အား ပူးပေါင်း အဖွဲ့က အသေးစိတ်ရှာဖွေရာ နေအိမ်အနောက်ဘက် ထင်းတဲအတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက် ကျော်မင်း လွယ်သော လွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၅၀ ပြားတို့အား သိမ်းဆည်း ရမိခဲ့သည့် အပြင် နေအိမ်အတွင်း မူးယစ်ဆေး သုံးစွဲရန် ရောက်ရှိနေသော အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူ တရားခံပြေး ဦးကွမ်းဖုန်း၊ ကျော်မင်းနှင့် မူးယစ်ဆေး သုံးစွဲရန် အလို့ငှာ ရောက်ရှိနေသော အမျိုးသား ၃ ဦးတို့အား ကျောက်မဲမြို့မ ရဲစခန်းမှ မယ(ပ) ၄၉/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁/၂၂(ခ) တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။