ရွေးကောက်ပွဲ အလွန် (သို့မဟုတ်) နောက်ဆုံးပိတ် အိတ်နဲ့ မလွယ်စေလိုပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 30, 2020

ရွေးကောက်ပွဲ အလွန် (သို့မဟုတ်) နောက်ဆုံးပိတ် အိတ်နဲ့ မလွယ်စေလိုပါ

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ပြည်လုံးကျွတ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်သည်လည်း ရက်ပိုင်းမျှသာ လိုတော့ သည်။ Silent Period (ဆိတ်ငြိမ်ကာလ) မရောက်သေးတော့ နိုင်ငံရေးပါတီတွေလည်း ဆွယ်သူဆွယ်၊ လည် သူလည် (လှည့်လည်အင်အားပြ) ကြဆဲ။ ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ တစ်နေ့တစ်မျိုး မရိုးနိုင်သော ထုတ်ပြန်ချက်များကို ဖတ်ရင်း လည်သူက ချာချာလည်နေကြဆဲသာ။

.

\

.

နောက်လူတွေက မိမိကို အရင်လူမကောင်းလို့၊ အရင်လူတွေ မကောင်းခဲ့တာ ဟူသော အပြောအဆိုမျိုး မခံရအောင် သတိနှင့် ပြုမူလုပ်ဆောင် နေထိုင်ရန် လိုအပ် သည်။ မြန်မာ စကားပုံအတိုင်း နောက်ဆုံးပိတ် အိတ်နှင့်လွယ်ချင်၍ မရချေ။

.

၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့နှင့်အဝှမ်း ကြုံတွေ့ခံစားနေရသော COVID-19 ကပ်ရောဂါဆိုးကြီး၏ ရိုက်နှက်မှုကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ခံစားနေရဆဲဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်၊ ည ၁၀ နာရီ အချိန်အထိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကပ်ရောဂါ ကူးစက်ခံစားရသူ ၄၄ သန်းနှင့် ၉ သိန်းကျော်၊ ၄၅ သန်းနီးပါး အထိ ရှိလာနေပြီး သေဆုံးသူ အရေအတွက်မှာ ၁ ဒသမ ၁၈ သန်း ရှိလာနေသည်။ မြန်မာနိုင်ငံတွင်လည်း ယင်းနေ့ ည ၈ နာရီအချိန်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၅၀၄၀၃ ဦး ရှိကာ၊ ယင်းအနက် ၁၁၉၉ ဦး သေဆုံး၍ ၃၀၀၀၇ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​သည်။

.

ယင်း COVID-19 ကပ်ရောဂါကပ်ဆိုးကြောင့် ကမ္ဘာတစ်ဝှမ်း ရွေးကောက်ပွဲများအပေါ် သက်ရောက်မှုများလည်း ရှိလာနေသည်။ International Institute for Democracy and Electoral Assistance (IDEA) ၏ ထုတ်ပြန်ချက် တစ်ခုအရ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှ အောက်တိုဘာလ ၂၅ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း အနည်းဆုံး နိုင်ငံနှင့် ဒေသပေါင်း ၇၃ ခုတို့တွင် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခဲ့ကြသည်ဟု သိရသည်။ သို့ရာတွင် အနည်းဆုံး နိုင်ငံနှင့် ဒေသပေါင်း ၇၇ ခုတို့ကမူ COVID-19 ကပ်ရောဂါဆိုင်ရာ သက်ရောက်မှုများ ရှိနေလင့်ကစား ရွေးကောက်ပွဲ များကို ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။ ထို့အပြင် မူလက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ဆုံးဖြတ် ခဲ့သည့် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၃၉ ခုတို့တွင်လည်း ရွေးကောက်ပွဲများကို ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်ဟု သိရသည်။

.

မြန်မာနိုင်ငံအဖို့လည်း ၂၀၂၀ ရွေးကောက်ပွဲသည် COVID-19 ကပ်ရောဂါကာလ ဆိုးကြီးကြားမှ ကျင်းပရသည့် ရွေးကောက်ပွဲကြီး ဖြစ်သည့်အားလျော်စွာ ယခင့်ယခင် ရွေးကောက်ပွဲများနှင့် မတူ တစ်မူကွဲပြားသလို သမိုင်းမှတ်တမ်း တင်ရမည့် ရွေးကောက်ပွဲတစ်ခုလည်းဖြစ်သည်။

.

ရွေးကောက်ပွဲ မကျင်းပမီ အစောပိုင်းကာလများက စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသလို ရွေးကောက်ပွဲ ရွှေ့ဆိုင်း ပေးရန် တောင်းဆိုမှုများကိုလည်း ကြားသိခဲ့ရသည်။ စိုးရိမ်သည်ဟုသာ ဆိုကြာသော်လည်း တစ်ကယ့်တစ်ကယ် ရွေး ကောက်ပွဲကြီး ကျင်းပရန်အချိန် နီးကပ်လာသည်နှင့်အမျှ ပါတီကြီးငယ် အသွယ်သွယ်တို့ ကိုယ်စီ လမ်းမပေါ်တက်ကာ အင်အားပြလာကြသည်။

.

COVID-19 ဆိုင်ရာ ကန့်သတ်တားမြစ်ချက်များကလည်း နိုင်ငံရေးပါတီများနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်လာ ရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးကမူ ပါတီဝန်းရံသူများကို မေတ္တာရပ်ခံရုံသာ ပြောနိုင်သည်ဟု သတင်း မီဒီယာများသို့ ပြောဆိုခဲ့ရသည်။

.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း “ကျွန်မတို့အနေနဲ့က မဲဆွယ်တာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူစုလူ‌ဝေးဖြစ်တဲ့အတွက် လုံးဝခွင့်ပြုလို့ မရဘူး။ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ရတယ် ဆိုတာလည်း ပြောထားတယ်။ တစ်ဘက်က ကြည့်ရင် လည်း အရေးယူပြန်တော့ ဟိုပါတီ ကျယူတော့ယူတယ်၊ ဒီပါတီကျတော့ မယူဘူး ဖြစ်ပြန်ရော။ ဒါပေမဲ့ ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့တော့ မဲဆွယ် တာ အပါအဝင် ဘယ်ကိစ္စမှ ခွင့်မပြုချင်ဘူး”  ဟု ပြောဆိုထားသည်။

.

မည်သို့ပင်ဆိုစေ ကမ္ဘောဇတိုင်းဌာနေ မြို့တော်များသည် အခြားသော ပြည်မဒေသများနှင့် နှိုင်းယှဉ်ပါက ရွေးကောက်ပွဲ အင်အားပြ စည်းရုံးလှည့်လည်မှု မများပြားလှသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ အင်အားပြ စည်းရုံး လှည့်လည်မှု မများလှသော်လည်း ရှမ်းပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များကို စိတ်ဝင်စားဖွယ်ရာမရှိ ဟု တစ်ထစ်ချ ပြောဆို၍ မရချေ။

.

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အကျယ်အဝန်းဆုံး ပြည် နယ်တစ်ခုဖြစ်သလို တိုင်းရင်းသား မျိုးနွယ်များစုကွဲ များစွာလည်း နေထိုင်နေကြသည်။ ရှမ်းပြည်နယ်၏ ရွေးကောက်ပွဲ များသည် အခြားပြည်မဒေသများကဲ့သို့ အင်အားကြီး ပါတီများသာ ယှဉ်ပြိုင်ရသည့် အနေအထားမျိုး မဟုတ်ဘဲ ဒေသခံ တိုင်းရင်းသားပါတီများ၏ အား ကလည်း ရှိနေသည်။

.

ထို့အပြင် ရှမ်းပြည်နယ်အတွင်း လက်ရှိ မြို့နယ် ၅၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ လုံခြုံရေးအခြေအနေများ အရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မြို့များကို ချန်လှပ်ထားလျှင်ပင် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ် အရေအတွက် ၅၀ ခန့် ရှိနေရာ ယင်း အရေအတွက်သည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်ထက်ပင် များ ပြားနေသေးသည်။ ဆိုလိုသည်မှာ ရွေးကေက်ပွဲအပြီး အစိုးရဖွဲ့စည်းရေး အပါအဝင် လွှတ်တော်တွင်း ကိစ္စရပ်များတွင် ရှမ်းပြည်နယ်၏ မဲဆန္ဒနယ်အရေအတွက်က အရေးပါလာသည်။

.

အနီးစပ်ဆုံး အထွေထွေရွေးကောက်ပွဲကို သမင်လည်ပြန် ငဲ့ကြည့်ပါက အမျိုးသားအဖွဲ့ချုပ်ပါတီ NLD အနေ ဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာခိုင်နှုန်းအများအပြားဖြင့် အနိုင်ရရှိခဲ့သည်ဆိုသော်လည်း ရှမ်းပြည်နယ်တွင် ပြိုင်ဘက်ပါတီ ပြည်ခိုင်ဖြိုးနှင့် ဒေသခံ တိုင်းရင်းသားပါတီ SNLD တို့၏ နောက်တွင်သာ ရပ်တည်နိုင်ခဲ့သည်။

.

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် NLD အနေဖြင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့တွင် ရာနှုန်း ပြည့် အနိုင်ရရှိခဲ့သလို ရန်ကုန်တိုင်းတွင်လည်း ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ ၂၅ ရာခိုင်နှုန်း တိတိသာ အနိုင်ရရှိခဲ့သည်။

.

အလားတူ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင်လည်း NLD သည် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ရာနှုန်းပြည့် အနိုင်ရရှိခဲ့သလို ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်တွင် ၂၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

.

ရှမ်းပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၃၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၁ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ (စကားချပ် - ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကျေးသီးနှင့် မိုင်းရှူး ၂ မြို့နယ် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီးနောက် SNLD ၏ ရာခိုင်နှုန်းက ထိုထက်ပို၍ များပြားလာသည်။)

.

မြို့တော်တောင်ကြီးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာလုံး၌ NLD က ရှုံးနိမ့်ခဲ့ရသည်။ ပြည်သူ့ လွှတ်တော်တွင် အနိုင်ရရှိခဲ့သည် ဆိုသော်လည်း ဒုတိယမဲအများဆုံး ရရှိခဲ့သည့် ပါတီ (PNO) နှင့် မဲရလဒ် ၆၃၀ သာ ကွာခြားချက် ရှိခဲ့သည်။ အင်မတန် အကြိတ်အနယ် ရှိခဲ့သည်ဟု ဆိုနိုင်သည်။

.

လက်ရှိအာဏာရ NLD ပါတီအဖို့ ၂၀၁၅ က အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်များအား ဆက်လက်ထိန်းထားနိုင်ရေး နှင့် ယခင် ရှုံးနိမ့်ခဲ့သော မဲဆန္ဒနယ်များ ပြန်လည်ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်သလို ပြည်ခိုင်ဖြိုးနှင့် ဒေသခံ တိုင်းရင်းသားပါတီများးကလည်း အပြိုင်အဆိုင် ကြိုးပမ်းကြရမည်ဖြစ်သည်။ အထူးသဖြင့် အတိုက်အခံပါတီ ဖြစ်သော ပြည်ခိုင်ဖြိုးအနေဖြင့် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း ရှမ်းပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်များတွင် အောင်မြေနင်းနိုင်ခဲ့သည့် အလားအလာကို ဆက်ထိန်းထားနိုင်ရေး၊ လွတ်တော်တွင် အမတ်အင်အား များများရရှိရေးအတွက် ရှမ်းပြည်နယ်သည် ရွေးကောက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်တစ်ခု ဖြစ်လာ နေသည်။

.

ယင်းကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်လှသော မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီများကလည်း ဒိတ်ဒိတ်ကြဲများဖြင့် အပြိုင် အဆိုင် အားထည့်ထားကြသည်။ တောင်ကြီး ပြည်သူ့လွှတ်တော်နေရာတွင် NLD မှ လက်ရှိ ပြည်ထောင်စု သယံဇာတ ဝန်ကြီး ဦးအုန်းဝင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို ပြည်ခိုင်ဖြိုးမှလည်း လက်ရှိ ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

.

ပြည်နယ်လွှတ်တော်နေရာများအတွက် NLD က လက်ရှိ ပြည်နယ် စီမံစီးပွားဝန်ကြီးဝန်ကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသလို ပြိုင်ခိုင်ဖြိုးမှ ဦးစိုင်းဇော်ဇော်၊ PNO မှ နာယက ဦးအောင်ခမ်းထီ၏ သမီး ဒေါ်နန်းရီရီဝင်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်မဲဆန္ဒနယ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၄ ဦးအထိ အမည်စာရင်း ‌ပေးသွင်းထားပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် UDP ကိုယ်စားလှယ်တစ်ဦး ကို ထုတ်နုတ်ပါက ၁၃ ဦး ကျန်ရှိနေ ဦးမည်ဖြစ်သည်။

.

တစ်ဖန် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများသည်လည်း ယခင်နှင့် စာလျှင် ယခု ၂၀၂၀ ရွေးကောက် ပွဲတွင် ပိုမို အားကောင်းလာနေသည်ကို မြင်တွေ့ရသည်ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲ၏ ရလဒ် သည် ၂၀၁၅ ထက်ပင် ပို၍ စိတ်ဝင်စားဖွယ်ရာလည်း ကောင်းလှသည်။

.

ရွေးကောက်ပွဲရလဒ်သည် ဘာမဆို ဖြစ်လာနိုင်သည် ဟူသော ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်လောင်း တစ်ဦး၏ စကားအတိုင်း မည်သူနိုင်သည်၊ မည်သူရှုံးသည်ကို နိုဝင်ဘာလ ၈ ရက် နောက်ပိုင်း ငွေရောင်ပိတ်ကား တွင်သာ ဆက်လက်ရှုစားရမည်ဖြစ်သည်။

.

နိုဝင်ဘာ ၈ ရက် နောက်ပိုင်းတွင်တော့ ဘယ်သူနိုင်သည်၊ ဘယ်သူရှုံးသည် အဖြေပေါ်လာမည်။ ဘယ်သူ့ကို လူထုက ရွေးချယ်သည်၊ ဘယ်သူ့ကို မရွေးချယ် ဆိုသည့် အဖြေကို ရရှိပြီးနောက်ပိုင်းတွင် အထက်က တင်ပြခဲ့သည့် ဒိတ်ဒိတ်ကြဲများ၏ တိုက်ပွဲ အဆုံးသတ်ပါလိမ့်မည်။

.

ရွေးကောက်ပွဲများ၏ ထုံးစံအတိုင်း မစခင်မှာ အပြိုင်အဆိုင်ကြဲ၊ ပြီးသွားကာစတော့ ငြင်းကြခုန်ကြနှင့် ကြာတော့လည်း ပွဲပြီးမီးသေ ဖြစ်သွားစမြဲပင်။ ယင်းကဲ့သို့ ရွေးကောက်ပွဲ ပွဲပြီးမီးသေသွားသော်လည်း နိုင်ငံရေး ကား သေသွား၍ မရချေ။

.

နိုင်ငံရေး မသေးရေးတွင် ရွေးကောက်ပွဲ အလွန်ကာလသည်လည်း အရေးကြီးလှသည်။ ရွေးကောက်ပွဲအလွန် နောက် အစိုးရသက်တမ်းကို မဆိုလိုပါ။ ရွေးကောက်ပွဲအလွန် နောက်အစိုးရမဖွဲ့မီ ကြားကာလ တစ်ခုဖြစ်သည်။ ယင်း ကာလသည် နိုင်ငံရေးတွင် လွန်စွာမှ အရေးပါလှသည်။ ထိုအချိန်ကာလတွင် လမ်းပေါ်က လူအုပ်ကြီးလည်း မရှိတော့၊ ဝန်းရံသူတွေလည်း မရှိတော့ချေ။ လူထုက နိုင်ငံရေးကို မေ့လျော့က လမ်းမများပေါ်မှ မိမိတို့၏ မိသားစု စားဝတ် နေရေးများဆီကို ပြန်သွားကြပြီဖြစ်သည်။ ၎င်းတို့ နှစ်သက်ထောက်ခံသည့် ပါတီကို ဝန်ရံခဲ့ပြီး၊ မဲပေးခဲ့ပြီး ဖြစ်၍ နိုင် သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ၎င်းတို့တာဝန် ကျေခဲ့ပြီဖြစ်သည်။

.

ထိုအချိန်တွင် လက်ရှိ အစိုးရတာဝန်ထမ်းဆောင်နေသူများက ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်အစိုးရသက်တမ်းသို့ အာဏာလွှဲပြောင်းပေးရန်အတွက် ပြင်ဆင်လာရသည်။ လက်ရှိ အစိုးရအဖွဲ့ဝင်များအဖို့ ရွေးကောက်ပွဲ အနိုင်ရထားလျှင် နောက်သက်တမ်းတွင် ဘာမဆို ဖြစ်နိုင်သေးသော်လည်း ‌ရွေးကောက်ပွဲတွင် မျှော်မှန်း ထားသည့် ရလဒ် မရခဲ့ပါက မဖြစ်မနေ ရာဇပလ္လင်ပေါ်က ဆင်းပေးရမည့်အချိန်လည်းဖြစ်သည်။

.

အထူးသဖြင့် ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့် မြန်မာနိုင်ငံတွင် ထိုအချိန်ကို ပို၍ သတိပြုဆင်ခြင်ရန် လိုအပ် သည်။ ရာဇပလ္လင်က ဆင်းပေးရမည့် သူများ အနေဖြင့်လည်း နောက်လူတွေက မိမိကို အရင်လူမကောင်းလို့၊ အရင်လူတွေ မကောင်းခဲ့တာ ဟူသော အပြောအဆိုမျိုး မခံရအောင် သတိနှင့် ပြုမူလုပ်ဆောင် နေထိုင်ရန် လိုအပ် သည်။ မြန်မာ စကားပုံအတိုင်း နောက်ဆုံးပိတ် အိတ်နှင့်လွယ်ချင်၍ မရချေ။

.

ကျန်ရှိသမျှ သက်တမ်းကာလအတွင်း ရသလောက်အခွင့်အရေး အကုန်ယူကာ ကိုယ်ကျိုးစီးပွား မရှာမိရန် လိုအပ်လှ သည်။ တစ်သက်လုံး ဖုံးလာသမျှ ကုန်းခါမှ မပေါ်ဖို့ လိုသည်။ အထူးသဖြင့် ရှမ်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အဖို့ ၄ နှစ်ကျော် ကာလပတ်လုံး နာမည်ဆိုးနှင့် ကျော်ကြားခဲ့မှု မရှိခဲ့သလို ယင်းကာလတွင်လည်း ဆက်လက် ထိန်းသိမ်း နိုင်ရန် လိုအပ်သည်။

.

နိဂုံးကမ္ပါတ် အဆုံးသတ်ရသော် ရွေးကောက်ပွဲအကြိုကာ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလ ၃ ရပ်လုံး ပြည်သူကလည်း ပြည်သူတာဝန်ကျေပွန်၊ အစိုးရကလည်း အစိုးရတာဝန်ကျေပွန်၊ လူထုကိုယ်စားလှယ် ကလည်း လူထုကိုယ်စားလှယ်တာဝန် ကျေပွန်စွာ ထမ်းရွက်ရင် မြန်မာ့နိုင်ငံရေးသံသရာစက်ဝန်းမှာ စီးမျှောလည်ပတ် နိုင်ပါစေကြောင်းနှင့် လူထုက လိုလားသည့်၊ လူထုအကျိုးကို အမှန်တကယ် ဖော်ဆောင်နိုင်သည့် လူထုကိုယ်စားလှယ် တော်ကြီးများ လာမည့် ရွေးကောက်ပွဲတွင် အောင်ပန်းဆင်နိုင်ပါစေကြောင်း၊ မြန်မာပြည်တစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါဆိုးကြီး ကင်းဝေးလွင့်ပျောက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။  

.

 

No comments:

Post a Comment

Journal Download

Photo of three cats

About