အောင်ဆန်း
.
ရှမ်းပြည်နယ်၏ နယ်စပ်ဝင်ပေါက် နေရာများတွင် ကုန်တင်ယာဉ်များမှ
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါ စစ်ဆေးကန့်သတ်မှုများကြောင့်
ကုန်စည်စီးဆင်းမှု နှောင့်နှေးပြီး စားသောက်ကုန်များ ကုန်ဈေးနှုန်း တက်မည်ကို ဒေသခံများ
စိုးရိမ်နေကြကြောင်း သိရသည်။
.
.
“အခု ကလော ရေယားမှာ စစ်နေတယ်။ ကုန်စည်စီးဆင်းမှုက လုံးဝရပ်သွားတာ
မဟုတ်ပေမဲ့ နဂိုနဲ့စာရင် နှောင့်နှေး သွားတယ်လို့ ပြောလို့ရတယ်။ ဒီလိုအနေအထားမှာ စားသောက်ကုန်တွေ
ဈေးတက်လာမှာ စိုးရိမ်ရတယ်။ အခုထိတော့ ဆန်ဈေးအပါအဝင် တခြားကုန်ဈေးနှုန်းတွေ တက်တာ မရှိသေးပါဘူး”
ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့ပေါ်ရှိ ဆန်နှင့် အထွေထွေရောင်းဝယ်ရေးဆိုင်မှ
ဆိုင်ရှင်တစ်ဦးကလည်း “လောလောဆယ် တော့ ဆန်ဈေးက မတက်ပါဘူး။ ပုံမှန်ဈေးနဲ့ပဲ ရောင်းချပေးနေတယ်။
ကားခပဲ နည်းနည်းတက်တယ်” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
မရှိစေရေးအတွက် ပြည်နယ်၏ ဝင်ထွက်ပေါက်များ ဖြစ်သော ကလောမြို့နယ်၊
နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်မြို့တို့တွင်
ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit စုစုပေါင်း ၃၀၀၀
ဖြင့် COVID-19 ပိုး
ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်
ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က “ကုန်စည် စီးဆင်းမှု ကတော့
တစ်ရက် နှစ်ရက်အတွင်း ပုံမှန်ပြန်ဖြစ်မှာပါ။ ကုန်ဈေးနှုန်း တက်စရာမရှိပါဘူး။ ဘာကြောင့်လဲ
ဆိုတော့ ကုန်သည်တွေနဲ့ ဆွေးနွေးပြီးသား။ နောက်ပြီး ရှမ်းအစိုးရမှာ ဝယ်လှောင်ထားတဲ့
ဆန်တွေ၊ ဆီတွေ၊ ကုလားပဲ တွေ အများကြီး ရှိပြီးသားပါ” ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်၊ ရေယားစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ အောက်တိုဘာလ
၃ ရက်က ကုန်တင်ယာဉ်စီးရေ ၆၀၀ ကျော်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့ရာ
၆ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ယနေ့ အောက်တိုဘာလ ၄ ရက်တွင် တစ်ဦး
တွေ့ရှိထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့
အစည်းအဝေးတွင် ရှမ်းပြည်နယ် အတွင်းသို့ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ဝင်ရောက်မှုကို
၁၄ ရက် ယာယီပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အောက်တိုဘာလ ၃ ရက်မှ စတင်၍ ယာဉ်ပေါ်ပါသူများအား
Rapid
Test Kit ဖြင့် စစ်ဆေးကာ COVID-19 ရောဂါပိုး မတွေ့ရှိသူများကို
ဝင်ထွက်သွားလာခွင့် ပြုနေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment