ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း မဲပေးနိုင်ရန် စီစဉ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 5, 2020

ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း မဲပေးနိုင်ရန် စီစဉ်သွားမည်

စုလှိုင်

.

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သတင်းစာထဲကနေ ကြေညာပေးနေပါတယ်။ ရောဂါဖြစ်တဲ့သူတွေကို ဘယ်လိုကြိုတင်မဲပေးရမယ်ဆိုတာတွေကို ထုတ်ပြန်​ပေးနေပါတယ်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ လမ်းညွန်ချက်တွေနဲ့အညီ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက် တွေနဲ့အညီ လုပ်ပေးသွားမှာပါ ”ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော် ကကမ္ဘောဇတိုင်း သို့ ပြောသည်။

.

COVID -19 ရောဂါ ဖြစ်ပွားမှု အခြေအနေအရ Quarantine ဝင်ရောက်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင် ဆန္ဒမဲမပေးနိုင်သည့်သူများသည် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် သတ်မှတ်ရက်အတွင်း ကြိုတင် ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။

.

ထို့အပြင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို ယခင်အတိုင်း ပညာရေးဌာနမှ ဝန်ထမ်းများကို တာဝန်ပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးထင်ကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

ဆန္ဒမဲပေးရန် မဲရုံသို့ လာရောက်ရာတွင် ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော Social Distancing ၆ ပေ အကွာတွင် နေရမည်ဖြစ်ပြီး Mask တပ်ဆင်ခြင်း ၊ ဆန္ဒမဲလာရောက်ပေးသူများ အနေဖြင့် လက် ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

.

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၆ သိန်းကျော် ရှိနေကာ မဲရုံပေါင်း ၃၆၀၀ ကျော် ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About