မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့အကြား ဖြစ်ပွားနေသည့်
တိုက်ပွဲများ ပိုမိုပြင်းထန်ကျယ်ပြန့် လာမှုကြောင့် ယနေ့ အောက်တိုဘာလ ၉ ရက်တွင် တိုက်ပွဲရှောင်သူဦးရေ
၃၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.
.
.
ကျောက်မဲစစ်ရှောင်ကော်မတီ အနေဖြင့် ဆန်အိတ်နှင့် စားသုံးဆီများ၊
အဝတ်အထည်များကို ထောက်ပံ့ပေးပို့ခဲ့ပြီး အခြား လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များကလည်း
စားနပ်ရိက္ခာများ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.
ကျောက်မဲစစ်ရှောင်ကော်မတီထံမှ ရရှိသည့် စာရင်းများအရ နမ့်ဟန်ခိတ်ကျေးရွာတွင်
တိုက်ပွဲရှောင်ဦးရေ ၄၀၀ ကျော်၊ လုံဝိုင်ရွာမှ တိုက်ပွဲရှောင်လာသူ ကွမ်ဟင်ရွာတွင် ၄၄၆ ဦး၊ ဆန်ပူနှင့် ကောင်ခမ်းရွာမှ ရှောင်လာသူ ကောင်းလန်ရွာ တွင် ၄၉၀ ကျော်၊ မန်ထန်ရွာမှ
ရှောင်လာသူ နားဆောင်းရွာတွင် ၁၀၂ ဦး၊ ပုံဝိုးရွာတွင် ၇၀၀ ကျော်၊ တောင်ထိပ်ရွာတွင် ၇၀၀
ကျော်၊ နောင်ကွမ်ရွာတွင် ၁၀၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.
“မနေ့ညနဲ့ ဒီမနက် ရောက်လာတာ ၄၄၆ ဦး ရှိသွားပြီ။ ရွာ ၆ ရွာက လာကြတာ။
နမ့်စလီရွာကတော့ ဘုန်းကြီးကျောင်း မှာပဲ စုနေကြတယ်။ အုပ်စုထဲက ရွာ ၇ ရွာ စုစုပေါင်းက
၇၆၀ ဦးလောက် ရှိတယ်။ လိုအပ်တာတွေကတော့ အများကြီး ပေါ့။ စားနပ်ရိက္ခာကအစ ဆေးဝါးတွေ လိုအပ်တယ်။
ရက်ကြာရင် ပိုလိုပါမယ်” ဟု ကွမ်ဟင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးစိုင်းစံအေးက
ပြောသည်။
.
ထို့အတူ ခိုင်ခန့်ကျေးရွာ တာဝန်ကျ စာရေး ဒေါ်ကြည်ကြည်သင်းကလည်း
ကျေးရွာတွင် ကျွဲ၊ နွားများ ထိန်းရန် ကျန်နေသူများမှအပ
ကျန်ရွာသူရွာသားအားလုံ တောင်ထိပ်နှင့် ပုံဝိုးကျေးရွာများသို့ တိမ်းရှောင်သွားနေကြကြောင်း
ပြောဆိုခဲ့သည်။
.
ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက စတင်၍
တပ်မတော်နှင့် RCSS တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး
COVID-19 ကပ်ရောဂါ ကာလာဖြစ်နေသည့် အပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး
ကာလ ဖြစ်ခြင်းကြောင့် နှစ်ဘက် တပ်များ အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများ ရှိနေကြောင်း
သိရသည်။
.
No comments:
Post a Comment